ဝက်စ်ဟမ်းနဲ့ပွဲမှာ ဒီဂီယာရဲ့ အမှားကြောင့် ရှုံးနိမ့်ခဲ့တာပါ။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က ဒီဂီယာနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ စိုးရိမ်မှုမရှိဘဲ အမှားအယွင်းတွေက ဖြစ်တတ်တဲ့ သဘောသဘာဝဖြစ်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ မနေ့ညက ဝက်စ်ဟမ်းကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဒီဂီယာက ပေးလိုက်ရတဲ့ဂိုးအတွက် အဓိကတရားခံဖြစ်ခဲ့တာပါ။



ပထမပိုင်းမှာ ပြိုင်ဘက်ကစားသမား ဘန်ရာမာရဲ့ ကန်ချက်ကို ဒီဂီယာ ကာကွယ်နိုင်ခဲ့သင့်ပေမယ့် ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။ ပွဲအပြီး ယူနိုက်တက်တို့ ရှုံးပွဲတွေ့ချိန်မှာတော့ ဒီဂီယာနဲ့ပတ်သက်လို့ ပရိသတ်တွေရဲ့ ဝေဖန်မှုက ပိုမိုပြင်းထန်လာခဲ့ပါတယ်။

ဒါပေမယ့် တန်ဟက်ခ်ကတော့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဒီဂီယာကို ကာကွယ်ပေးခဲ့ပါတယ်။ တန်ဟက်ခ်က “ဒီဂီယာက ပရီးမီးယားလိဂ်မှာ ပေးဂိုးမရှိတဲ့ပွဲအများဆုံး ကစားသမားဗျ။ ဒီတော့ သူမရှိဘဲ ကျွန်တော်တို့ အခုနေရာမှာ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော် သူ့အပေါ် အပြည့်အဝ ယုံကြည်မှုရှိပါတယ်”

“ဘာမှစိုးရိမ်စရာမရှိပါဘူး။ အမှားအယွင်းတွေက ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အသင်းလိုက်အနေနဲ့ ခင်ဗျား ဒါကို ကိုင်တွယ်တုံ့ပြန်နိုင်ရပါမယ်။ ခင်ဗျားရဲ့ ပုံစံကို ပြရမယ်။ ခံနိုင်ရည်ရှိရမယ်၊ ပြန်လာနိုင်ရပါမယ်။ ဒါကပဲ ဒီအသင်း လုပ်ရမယ့်အရာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီဂီယာဟာ ယူနိုက်တက်နဲ့ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမားပါ။ သူနဲ့ပတ်သက်လို့ အသင်းဘက်ကလည်း စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေပြီး ကစားသမားကိုယ်တိုင်ကလည်း အသင်းမှာ ဆက်နေလိုပါတယ်။

ဒါပေမယ့်လည်း ဝက်စ်ဟမ်းနဲ့ပွဲ ရှုံးပွဲက တန်ဟက်ခ်နဲ့ ယူနိုက်တက်အတွက် ပေးဆပ်မှု ကြီးမားခဲ့ပါတယ်။ မနေ့ညက နယူးကာဆယ်လည်း ရှုံးပွဲကြုံတွေ့ခဲ့ချိန်မှာ အဆင့် (၃) နေရာကို မရယူနိုင်ခဲ့သလို အဆင့် (၅) နေရာက လီဗာပူးရဲ့ ဖိအားပေးမှုကလည်း ပိုမိုကြီးထွားလာခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က