ယူနိုက်တက်ဂိုးသမား အိုနာနာဟာ အသင်းရဲ့ ဂိုးသမားဟောင်း ဒီဂီယာထက် ပိုမိုအဆင့်နိမ့်တဲ့ ဂိုးသမားဖြစ်ကြောင်း ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင်တိုက်စစ်မှူးဟောင်းကြီး ခရစ္စဆပ်တန်က ဝေဖန်လိုက်ပါတယ်။ အိုနာနာဟာ ပြီးခဲ့တဲ့နွေရာသီကမှ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ ဂိုးသမားပါ။
ယူနိုက်တက်နည်းပြ တန်ဟက်ခ်အနေနဲ့ သူ့တပည့်ဟောင်းကို ပြန်လည်ခေါ်ယူဖို့ ဒီဂီယာကို အသင်းကနေ ထွက်ခွာစေခဲ့ပါတယ်။ ဒါပေမယ့်လည်း အိုနာနာကတော့ အသင်းအတွက် သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုမရှိစေဘဲ ဂိုးတွေ ဆက်တိုက်ပေးနေခဲ့ရတာကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဆပ်တန်ကလည်း “ကျွန်တော့်အထင် အိုနာနာက ဒီဂီယာထက် အဆင့်နိမ့်တဲ့ ဂိုးသမားပါ။ ကျွန်တော် တကယ်ကို ဒါမျိုး တွေးနေတာပါ။ ကျွန်တော် အိုနာနာရဲ့ပွဲတွေကို လုံလောက်အောင် ကြည့်ခဲ့ပြီးပါပြီ။ သူက ခြေထောက်နဲ့ ကစားတဲ့နေရာမှာ ဒီဂီယာထက် ပိုကောင်းတာလား? အဲ့ဒီတစ်နေရာပဲ ပိုကောင်းတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”
“ဒါပေမယ့် ကျွန်တော်ကတော့ ဂိုးပေါက်ကာကွယ်နိုင်တာကို ပိုမို စိတ်ဝင်စားပါတယ်။ ဒီရာသီမှာတော့ အိုနာနာက တော်တော်လေးကို အမှားအယွင်းများနေပါပြီ။ ဘေယန်မြူးနစ်နဲ့ပွဲမှာ အမှားတွေ အများကြီးလုပ်ခဲ့သလို ဂါလာတာစာရေးနဲ့ပွဲမှာလည်း တတိယဂိုးအတွက် သူက စောစောစီးစီး လှဲချခဲ့ပါတယ်။ သူ့အနာဂတ်နဲ့ ပတ်သက်လို့ ကျွန်တော် မသေချာပါဘူး”
“ဒီရာသီမှာတော့ မပြောလိုပေမယ့် ယူနိုက်တက်တို့ လက်ရှိရာသီအကုန်မှာ အပြောင်းအလဲလုပ်ပါလိမ့်မယ်။ သူတို့ အိုနာနာရဲ့နေရာကို အဆင့်မြှင့်တင်ဖို့ လိုအပ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အိုနာနာအပြင် ဖီနာဘာချီဂိုးသမား ဘာယင်ဒါကိုလည်း ခေါ်ယူထားပါသေးတယ်။