စပိန်လက်ရွေးစင်လူစာရင်းမှာ ဒီဂီယာ ချန်လှပ်ခံခဲ့ရတာပါ။

ယူနိုက်တက် ဂိုးသမား ဒီဂီယာဟာ ပြီးခဲ့တဲ့ နိုင်ငံတကာ ရက်သတ္တပတ်အတွက် စပိန်လက်ရွေးစင် လူစာရင်းမှာ ရွေးချယ်ခြင်းမခံရတဲ့အပေါ် စပိန်နည်းပြ လူးဝစ်အင်းနရစ်ကို ဒေါသပေါက်ကွဲနေတယ်လို့ သိရှိရပါတယ်။ အင်းနရစ်ဟာ အယ်လ်ဘေးနီးယား၊ အိုက်စလန်တို့နဲ့ပွဲအတွက် ကစားသမား ရွေးချယ်မှုမှာ ဒီဂီယာကို ချန်လှပ်ခဲ့တာပါ။



ဒီဂီယာဟာ မက်ဂွိုင်းရားဦးဆောင်တဲ့ ယူနိုက်တက်နောက်တန်းရဲ့ အမှားအယွင်းတွေကြားထဲမှာ အသင်းဂိုးမပေးရအောင် အကြိမ်ကြိမ် လက်စွမ်းပြနေရတဲ့ ဂိုးသမားတယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ Clean Sheet ရဖို့ ခဲယဥ်းပေမယ့် ပွဲတိုင်းမှာ ပြိုင်ဘက်ရဲ့ အပိုင်အခွင့်အရေးတွေ၊ တော်ရုံဂိုးသမား မကာကွယ်နိုင်တဲ့ ထိုးဖောက်မှုတွေကို လက်စွမ်းပြ ကာကွယ်ခဲ့ရတာပါ။

ဒါပေမယ့်လည်း အင်းနရစ်ကတော့ စပိန်ဂိုးသမား နေရာအတွက် အူနိုင်းဆိုင်မွန်၊ ပရီးမီးယားလိဂ်က ဒေးဗစ်ရာယာ၊ ရော်ဘတ်ဆန်းချက်ဇ်တို့ကိုသာ ရွေးချယ်သွားခဲ့ပါတယ်။ လူးဝစ်အင်းနရစ်ကတော့ သူ့အနေနဲ့ ဒီဂီယာနဲ့ ပြဿနာမရှိဘဲ အခြားသောဂိုးသမားတွေကို စမ်းသပ်အသုံးပြုချင်တာကြောင့်လို့ ဖြေရှင်းခဲ့ပါတယ်။

စပိန်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရတော့ ဒီဂီယာဟာ အင်းနရစ်ရဲ့ လုပ်ရပ်ကို ဘယ်လိုမှလက်မခံနိုင်ဘဲ အကြီးအကျယ်ဒေါသပေါက်ကွဲခဲ့တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် အင်းနရစ်ရှိနေသရွေ့ သူ့ကို နံပါတ် (၁) ဒါမှမဟုတ် ဒုတိယဂိုးသမားအဖြစ် ရွေးချယ်သည့်တိုင် ပြန်မကစားဖို့ စဥ်းစားနေတယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။

စပိန်ဟာ ဒီတပတ်ကစားခဲ့တဲ့ ချစ်ကြည်ရေးခြေစမ်းပွဲနှစ်ပွဲလုံးမှာ နိုင်ပွဲရရှိခဲ့ပါတယ်။ စနေညက အယ်လ်ဘေးနီးယားနဲ့ပွဲမှာ စပိန်တို့ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့သလို အိုက်စလန်ကိုလည်း ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ 

Share

Loading Next Article...
က္က