မိုယက်စ်တယောက် အံ့အားသင့်ခဲ့ရတာပါ။

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ဝက်စ်ဟမ်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဒီဂီယာရဲ့ လက်စွမ်းပြမှုတွေကြောင့် ဧည့်သည်ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်တယောက် ကွင်းအတွင်းမှာတင် အံ့အားသင့်စွာနဲ့ ကျိန်ဆဲခဲ့ရပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ပထမပိုင်းမှာရရှိခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ရဲ့ တလုံးတည်းသော ခေါင်းတိုက်သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။



ဒုတိယပိုင်းမှာတော့ ဝက်စ်ဟမ်းတို့ ချေပဂိုးရရှိဖို့ အကြိမ်ကြိမ် ကြိုးစားအားထုတ်ခဲ့ပေမယ့် ယူနိုက်တက်ဂိုးသမား ဒီဂီယာကတော့ မှော်ဝင်လက်စွမ်းတွေနဲ့အတူ ဝက်စ်ဟမ်းကို ရှုံးပွဲကြုံတွေ့စေခဲ့ပါတယ်။ ဒီဂီယာဟာ အန်တိုနီယိုရဲ့ ကန်ချက်၊ ဇူးမားရဲ့ ခေါင်းတိုက်ချက်နဲ့ ဒကလန်ရိုက်စ်တို့ရဲ့ ကန်ချက်တွေကို အံ့အားသင့်ဖွယ် ပုတ်ထုတ် ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။


ထွက်ပေါ်လာတဲ့ ရုပ်သံမှတ်တမ်းတွေအရ မိုယက်စ်ဟာ သူ့အသင်းရဲ့ သေချာပေါက် ဂိုးရနိုင်မယ့် အခွင့်အရေးကို ဒီဂီယာ ကာကွယ်ပြခဲ့ပြီးနောက် သူ့ခေါင်းကို လက်နှစ်ဖက်နဲ့ကိုင်ကာ “(What a F***** Save) ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ကာကွယ်မှုလဲကွာ” လို့ ရေရွတ်ခဲ့တာဖြစ်ပါတယ်။ မိုယက်စ်ရဲ့ ဒီရုပ်သံဖိုင်ကလည်း ပရိသတ်တွေအကြားမှာ ပွဲပြီးပြီးချင်း တော်တော်လေး ရေပန်းစားနေခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီပွဲရဲ့ ဒုတိယပိုင်းမှာ ပုံံစံကောင်းမပြနိုင်တော့ဘဲ ဝက်စ်ဟမ်းကသာ ဂိုးရဖို့ ဖိအားပေး ကြိုးစားခဲ့တာပါ။ ပွဲပြီးခါနီးမှာတော့ အပိုင်အခွင့်အရေးတွေ ရရှိခဲ့တာဖြစ်ပြီး ဒီဂီယာရဲ့ လက်စွမ်းပြမှုတွေကြောင့်သာ အမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရတာဖြစ်ပါတယ်။

ဒီဂီယာဟာ ကမ္ဘာ့ဖလားအတွက် စပိန်လက်ရွေးစင်အသင်းရဲ့ ဆန်ခါတင်ကစားသမား (၅၅) ယောက် စာရင်းမှာတောင် ထည့်သွင်းရွေးချယ်ခံရခြင်းမရှိပါဘူး။ ဒါပေမယ့် ဒီပွဲမှာ ပြသခဲ့တဲ့ သူ့ရဲ့ လက်စွမ်းတွေကြောင့် ဒီဂီယာအနေနဲ့ လူးဝစ်အင်းနရစ်ရဲ့အသင်းမှာ အနည်းဆုံးတော့ ဆန်ခါတင်စာရင်း ပါဝင်သင့်တယ်လို့ ပရိသတ်တွေက ဝေဖန်နေကြပါတယ်။ 

Share

Loading Next Article...
က္က