မာတာ၊ ဟာရဲရားတို့ ဒီဂီယာကို ထားရစ်ခဲ့ကြတာပါ။

ယူနိုက်တက်ဂိုးသမား ဒီဂီယာဟာ သူ့ကိုယူနိုက်တက်မှာ ချန်ထားရစ်ပြီး ထွက်ခွာသွားခဲ့ကြတဲ့ စပိန်အသင်းဖော်တွေကို စာတကြောင်းနဲ့ နှုတ်ဆက်ခဲ့ပါတယ်။ ဒီနှုတ်ဆက်စာတကြောင်းကြောင့်ပဲ ယူနိုက်တက်ပရိသတ်တွေဟာ ဒီဂီယာအတွက်ပါ ဝမ်းနည်းခဲ့ရတာဖြစ်ပါတယ်။



လက်ရှိနွေရာသီမှာ မာတာက အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားတာကြောင့် အသင်းကနေ ထွက်ခွာသွားခဲ့ပြီး ဒီဂီယာအတွက် စပိန်အသင်းဖော်တယောက်ကို ဆုံးရှုံးခဲ့ရပါတယ်။ ဒီမတိုင်ခင်ကလည်း ဒီဂီယာနဲ့အတူ ယူနိုက်တက်မှာ မာတာအပြင် ဟာရဲရားကလည်း ရင်းနှီးတဲ့ သူငယ်ချင်းကောင်း၊ နိုင်ငံတူ မိတ်ဆွေကောင်းတွေဖြစ်ခဲ့တာပါ။

ဟာရဲရားကလည်း အရင်တည်းက ယူနိုက်တက်ကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားခဲ့ပြီး အခုတခါမှာတော့ မာတာပါ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ မာတာထွက်ခွာသွားတာနဲ့ ပတ်သက်လို့ ဒီဂီယာက “မာတာထွက်သွားတဲ့အပေါ် စကားလုံးတွေနဲ့ ဖော်ပြဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် သူက ကျနော့်အတွက်အသင်းဖော်၊ သူငယ်ချင်း၊ မိသားစုဖြစ်ခဲ့ပါတယ်”

“ပရော်ဖက်ရှင်နယ်ဆန်တဲ့ ကစားသမားတွေထဲက တယောက်ဖြစ်ပြီး သူနဲ့အတူဖြတ်သန်းခဲ့ရတဲ့နှစ်တွေအတွက် ကျနော် အရမ်းကျေးဇူးတင်ပါတယ်။ အတူလျှောက်လှမ်းခဲ့ရတဲ့လမ်းတွေ၊ အဝတ်လဲခန်းထဲ အတူရှိခဲ့ရတာတွေအတွက်ရောပေါ့။ ငါမင်းကို ချစ်ပါတယ် ညီအကိုရေ။ နောက်ထပ် ဘဝခရီးလမ်းမှာ အောင်မြင်မှုတွေရဖို့ ဆုတောင်းပါတယ်” လို့ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် ဒီဂီယာက မာတာ၊ ဟာရဲရားတို့နဲ့အတူ ယူရိုပါလိဂ်ချန်ပီယံဆုနဲ့ အောင်ပွဲခံနေတဲ့ပုံကိုလည်း တင်ထားပြီး “မင်းတို့အားလုံး ငါ့ကို တယောက်တည်းထားရစ်ခဲ့ပြီ” ရေးသားခဲ့ပါသေးတယ်။ ပရိသတ်တွေအတွက်လည်း မာတာ၊ ဟာရဲရားနှစ်ယောက်လုံးက လွမ်းနေရမယ့် ကစားသမားတွေဖြစ်ပြီး အခု ဒီဂီယာရဲ့စကားလုံးတွေကြောင့်လည်း ယူနိုက်တက်ပရိသတ်တွေပါ ဝမ်းနည်းခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က