စင်ကာပူအခြေစိုက် Grab ကုမ္ပဏီဟာ Singapore Telecommunications (Singtel) နဲ့ ပေါင်းပြီး ဒီဂျစ်တယ်ဘဏ်လိုင်စင်တစ်ခု လျှောက်ထားတယ်လို့ ဆိုပါတယ်။
စင်ကာပူ ဘဏ်လိုင်စင်လျှောက်ထားတဲ့ လုပ်ငန်းစုထဲမှာ Grab ဟာ အစုရှယ်ယာ ၆၀ % ပိုင်ဆိုင်မှာ ဖြစ်ပြီး Singtel က ကျန်တဲ့ ရှယ်ယာတွေ ပိုင်ဆိုင်မှာ ဖြစ်တယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ယခု ပူးပေါင်းမှုဟာ ဒီဂျစ်တယ်ဦးစားပေး အသုံးပြုသူတွေကို ပစ်မှတ်ထားတာ ဖြစ်ပြီး ချေးငွေရယူဖို့ ခက်ခဲတဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းများကိုလည်း ဝန်ဆောင်မှုပေးသွားမှာ ဖြစ်တယ်လို့ South China Morning Post သတင်းက ဆိုပါတယ်။
Photo: todayonline
စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ဟာ အပြည့်အဝ ဘဏ်လိုင်စင်နဲ့ ကော်ပိုရိတ်ဖောက်သည်တွေအတွက်ပဲ ဘဏ်ဝန်ဆောင်မှုပေးမယ့် wholesale လိုင်စင်ဆိုပြီး နှစ်မျိုး ထုတ်ပေးထားတာပါ။ Grab နဲ့ Singtel တို့ကတော့ Full License လို့ခေါ်တဲ့ ဒီဂျစ်တယ်ဘဏ်လိုင်စင်ရတာ ဖြစ်ပါတယ်။
Grab နဲ့ Singtel တို့ရဲ့ ပူးပေါင်းမှုဟာ အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အရှေ့တောင်အာရှရဲ့ အကြီးဆုံး ကားအငှားကုမ္ပဏီနဲ့ စင်ကာပူရဲ့ အကြီးဆုံး တယ်လီကွန်းကုမ္ပဏီတို့ရဲ့ ပူးပေါင်းမှု လည်း ဖြစ်ပါတယ်။ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့အစည်းဟာ ဒီနှစ်ထဲမှာ ဈေးကွက် အပြိုင်အဆိုင်နဲ့ ဆန်းသစ်မှု မြှင့်တင်ပေးဖို့ ဒီဂျစ်တယ်ဘဏ်လိုင်စင် ၅ ခု ထုတ်ပေးခဲ့တာပါ။
ဒီဂျစ်တယ်ဘဏ်လိုင်စင် ၅ ခု ထဲက ၂ ခုဟာ Full Bank License ဖြစ်ပြီး ကျန်တဲ့ ၃ ခုက ကော်ပိုရိတ်တွေအတွက် လက်ကားလိုင်စင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ပထမလိုင်စင်အမျိုးအစားအတွက် ငွေရင်း စင်ကာပူဒေါ်လာ ၁.၅ ဘီလျံ ( ကန်ဒေါ်လာ ၁.၁ ဘီလျံ) လိုအပ်ပြီး ဒုတိယလိုင်စင်အမျိုးအစားကတော့ စင်ကာပူဒေါ်လာ သန်း ၁၀၀ ရှိရမှာပါ။
Photo: straitstimes
အရှေ့တောင်အာရှ ဒီဂျစ်တယ် ငွေချေးဈေးကွက်ဟာ လာမယ့် ၂၀၂၅ ခုနှစ်မှာ လေးဆကျော် (ကန်ဒေါ်လာ ၁၁၀ ဘီလျံ) အထိ ရှိလာမယ်လို့ Bain & Co ၊ Google နဲ့ Temasek Holdings တို့ပူးပေါင်း ထုတ်ပြန်တဲ့ အစီရင်ခံစာက ဆိုပါတယ်။
Virtual License လို့လည်း ခေါ်တဲ့ ဒီဂျစ်တယ်ငွေကြေး လိုင်စင်သစ်လျှောက်ထားတဲ့ Singtel နဲ့ Grab တို့ရဲ့ ပူးပေါင်းမှုမှာ ပါဝင်တဲ့ တစ်ခြားလုပ်ငန်းအဖွဲ့တွေလည်း စိတ်ဝင်စားနေကြပြီး ဒီထဲမှာ Alibaba တည်ထောင်သူ ဂျက်မားရဲ့ Ant Financial ၊ ဂိမ်းကုမ္ပဏီ Razer နဲ့ OCBC ဘဏ် တို့လည်း ပါဝင်နေပါတယ်။