စာချုပ်ဖျက်ဖို့လုပ်လို့ အကြွေးတောင်းခံနေရတာဖြစ်ပါတယ်။

ဘာစီလိုနာတိုက်စစ်ကစားသမား မာတင်ဘရိတ်ဝိတ်က သူ့ရဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ အသင်းဘက်က ကမ်းလှမ်းလာတာကြောင့် သူရရှိမယ့် လစာငွေအပြည့်အဝကို တောင်းခံနေတယ်လို့ သိရှိရပါတယ်။ ဘာစီလိုနာကတော့ ဒီကစားသမားအတွက် တနှစ်လုပ်ခကို လျော်ကြေးအဖြစ် ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။



ဒါပေမယ့်လည်း အဆိုပါ ဒိန်းမတ်တိုက်စစ်မှူးက (၂၀၂၄) အထိ စာချုပ်သက်တမ်းရှိနေတာကြောင့် နောက်ထပ် (၂) နှစ်အတွက် လုပ်ခလစာကို အပြည့်အဝ တောင်းဆိုနေတာဖြစ်ပါတယ်။ ဘာစီလိုနာဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်းအတွက် လီဝန်ဒေါစကီး၊ ရာဖင်ဟာတို့ကို ခေါ်ယူခဲ့ပြီး ဒမ်ဘီလီကိုလည်း စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဘာစီလိုနာတိုက်စစ်ပိုင်းက လူငယ်အကယ်ဒမီထွက် အန်ဆုဖာတီ၊ ပြီးခဲ့တဲ့ရာသီမှာ ခေါ်ယူထားတဲ့ အူဘာမီးယန်း၊ ဒီပိုင်းတို့နဲ့ တော်တော်လေး ပိုလျှံနေခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာဟာ ကစားသမားသစ်တွေကို မှတ်ပုံတင်ဖို့အတွက်လည်း အသင်းမှာရှိတဲ့ ကစားသမားတွေကို ရှင်းထုတ်ဖို့ လိုအပ်နေပါတယ်။ ဒီပိုင်းကို အရောင်းစာရင်းတင်ထားသလို ဘရိတ်ဝိတ်ကိုလည်း စာချုပ်ဖျက်သိမ်းဖို့ ပြင်ဆင်နေတာပါ။

ဒါပေမယ့် ဘရိတ်ဝိတ်ဘက်ကတော့ လွယ်လွယ်ကူကူနဲ့ အလျှော့ပေးဖို့ စိတ်ကူးမရှိဘဲ သူ့ခံစားခွင့်အတွက် အပြည့်အဝတောင်းဆိုနေတာဖြစ်ပါတယ်။ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကလည်း သူရရှိရမယ့် လုပ်ခလစာကြွေးကျန် ပေါင် (၁၇) သန်းဝန်းကျင်ကို အသင်းထံတောင်းဆိုထားပါတယ်။

ဒီဂျောင်ကို ရောင်းထုတ်ဖို့အတွက်လည်း ဘာစီလိုနာက စီစဥ်ထားပြီး ချဲလ်ဆီးနဲ့လည်း ဆွေးနွေးနေပေမယ့် ကစားသမားဘက်ကတော့ ဘာစီလိုနာဆီက အကြွေးရမှသာ အသင်းကနေ ထွက်ခွာသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဘာစီလိုနာဟာ ဒီနှစ်ယောက်အပြင် ပီကေး၊ အယ်လ်ဘာတို့လို ဝါရင့်ကစားသမားတွေကိုပါ လစာကြွေးကျန်တွေရှိနေတာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က