ဆန္ဒပြဖို့လာတဲ့ အသင်းပရိသတ်တွေကို ရှင်းပြပြောဆိုသွားခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒီဂျောင်ကို ရရှိဖို့အတွက် နည်းမျိုးစုံးအသုံးပြုသွားမှာဖြစ်တယ်လို့ အသင်းစီအီးအိုရစ်ချက်အာနိုးက ပြောဆိုခဲ့ပါတယ်။ သူ့နေအိမ်အနီးမှာ လာရောက်ဆန္ဒပြမယ့် ယူနိုက်တက်ပရိသတ်တွေကို ဘီယာဆိုင်တခုမှာ လက်ခံတွေ့ဆုံပြီး အသင်းဘက်က လုပ်ဆောင်နေမှုတွေကို ပြောဆိုခဲ့ရာမှာ အာနိုးက ထည့်သွင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ 

ယူနိုက်တက်ဟာ လက်ရှိအချိန်ထိ ကစားသမားသစ်ခေါ်ယူနိုင်ခြင်းမရှိသေးဘဲ နည်းပြအလိုရှိတဲ့ ဒီဂျောင်ကို ဦးစားပေးပစ်မှတ်အဖြစ်ကြိုးစားနေတာဖြစ်ပါတယ်။ ဘာစီလိုနာဘက်ကလည်း ကစားသမားကို လက်လွှတ်မခံချင်ပေမယ့်လည်း ဘဏ္ဍာရေးပြသနာရှိနေတာကြောင့် ရောင်းချရဖွယ်ရှိနေပေမယ့် ယူနိုက်တက်က အသည်းအသန်အလိုရှိနေတဲ့အပေါ်မူတည်ကာ စျေးကိုင်နေတာလည်းဖြစ်ပါတယ်။ 

ရစ်ချာအာနိုးက အသင်းပရိသတ်တွေကို အသင်းလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေအကြောင်းကို ရှင်းပြခဲ့ရာမှာ ဒီဂျောင်ကို ရရှိဖို့အတွက် ဖြစ်နိုင်သမျှနည်းလမ်းအားလုံးကို အသုံးပြုသွားမယ်လို့ ထည့်သွင်းပြောကြားခဲ့တာက တွစ်တာမှာပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်မှာ ပါဝင်ခဲ့ပါတယ်။ "ဒီအပြောင်းအရွှေ့ဖြစ်လာဖို့ ကျနော်တို့တွေ ကြိုးစားနေတာ ရက်အတော်ကြာပါပြီ၊ ပိုက်ဆံရှိပေမယ့် ပြောပြလို့မရတဲ့အရာတွေလည်းရှိနေပါတယ်" လို့ အာနိုးကဆိုပါတယ်။ 

အသင်းအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း သူက "ကျနော်တို့ ပိုက်ဆံတွေ တရကြမ်းသုံးခဲ့ပါတယ်၊ ပေါင်တဘီလျံလောက်သုံးခဲ့ပြီး ဥရောပက ဘယ်အသင်းထက်မဆို ပိုပြီးသုံးစွဲခဲ့တာပါ၊ ဒါပေမယ့် ကျနော်တို့ သုံးစွဲခဲ့မှုတွေနဲ့ ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူးလို့ ထင်ပါတယ်၊ ပိုက်ဆံတွေအများကြီးကို ကျနော်တို့ လွှင့်ပစ်ခဲ့သလိုပါပဲ၊ ပြီးခဲ့တဲ့ရာသီမှာဆို အိပ်မက်ဆိုးတွေရှိခဲ့တယ်၊ မိနစ်တိုင်းကို ကျနော်မုန်းတီးနေခဲ့တာပါ" လို့ သူက ထပ်ပြောခဲ့ပါတယ်။ 

သူနဲ့အခုလိုစကားပြောနေချိန်မှာပဲ အသင်းတာဝန်ရှိသူတွေက ဒီဂျောင်အတွက် စပိန်မှာ အလုပ်လုပ်နေတယ်လို့ အာနိုးက ပြောခဲ့ပါသေးတယ်။ ယူနိုက်တက်ဟာ ဒီဂျောင်အတွက် ယူရိုသန်း ၇၀ နဲ့ ကမ်းလှမ်းထားတယ်လို့ သိရပြီး ဘာစီလိုနာက အဆိုပါပမာဏထက် ပိုလိုချင်နေတာကြောင့် ညှိနှိုင်းနေရကာ အပြောင်းအရွှေ့က ကြန့်ကြာနေတယ်လို့လည်း သိရပါတယ်။ 


Share

က္က