မန်ချက်စတာယူနိုက်တက်အသင်းက အလိုရှိနေတဲ့ ဟော်လန်ကွင်းလယ်လူဒီဂျောင်ကို အသင်းကနေ မထွက်ထွက်အောင် နည်းပြဇာဗီနဲ့ ဘာစီလိုနာတို့ ပူးပေါင်းကြံစည်နေတယ်လို့ စွပ်စွဲခံနေရပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ လူစားဝင်လာခဲ့ပြီးနောက် ဖရန်ကီဒီဂျောင်ဟာ ဗဟိုခံစစ်မှူးနေရာမှာကစားခဲ့ရပြီး အနာဂတ်မသေချာတော့ဘူးလို့ ပရိသတ်တွေက ထင်ကြေးပေးခဲ့ကြပြီး ဇာဗီကတော့ အဆိုပါသတင်းတွေကို ငြင်းဆန်ခဲ့ပါတယ်။
ဒီဂျောင်ကို ပုံမှန်ကစားနေကျ ကွင်းလယ်လူနေရာမှာ မကစားခိုင်းဘဲ အခုလိုကစားစေတာဟာ အသင်းကိုစိတ်ပျက်ပြီး ယူနိုက်တက်ကို ပြောင်းရွှေ့သွားအောင် ဇာဗီက လုပ်ဆောင်တာဖြစ်တယ်လို့ ပရိသတ်တချို့က ထင်မြင်ချက်ပေးခဲ့ပါတယ်။ အဆိုပါပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ဇာဗီက ငြင်းဆန်ခဲ့ပေမယ့် ကစားသမားဟာ အသင်းကနေ ထွက်သွားနိုင်ချေရှိတယ်လို့လည်း အရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။
"ဖရန်ကီအကြောင်းလား၊ ကျနော့်မှာ ပေးစရာ မက်ဆေ့ချ်မရှိပါဘူး၊ သူနဲ့ ကျနော်စကားပြောဆိုခဲ့ပြီးပါပြီ၊ သူ့ကို ကျနော်အများကြီးသဘောကျတယ်၊ ကျနော့်အတွက်တော့ သူက အခြေခံကျတဲ့ကစားသမားတယောက်ပါ၊ ဒါပေမယ့် ကျနော်တို့မှာ ဘဏ္ဍာရေးအခြေအနေနဲ့ ဘဏ္ဍာရေးမျှတစွာကစားဖို့ အနေအထားတွေက ရှိနေပါသေးတယ်၊ သူက ဗဟိုခံစစ်နေရာမှာလည်းကစားနိုင်တဲ့သူပါ၊ အဲဒီနေရာမှာလည်း သူ့ကို ကျနော်သဘောကျပါတယ်" လို့ ဇာဗီက ပြောဆိုခဲ့ပါတယ်။
ဒီဂျောင်ဟာ ယူနိုက်တက်နည်းပြတန်ဟက်ဂျ်ရဲ့ အလိုအရှိဆုံးကစားသမားတဦးဖြစ်ပြီး အိုးထရက်ဖို့ဒ်ကို ဟော်လန်သားနည်းပြကြီးရောက်ချိန်ကစလို့ ဒီဂျောင်အတွက် တစိုက်မတ်မတ်ကြိုးစားခဲ့တာဖြစ်ပါတယ်။ အကြွေးတွေများပြားနေတဲ့ ဘာစီလိုနာကလည်း ဒီဂျောင်ကို ရောင်းချချင်နေပြီး ပေါင်သန်း ၆၀ ခန့် အလိုရှိနေတာဖြစ်ပါတယ်။
ဒါပေမယ့် ဒီဂျောင်ကို လစာကြွေးတွေ ဘာစီလိုနာက ပေးဖို့ရှိနေပြီး ကစားသမားက အသင်းကမထွက်ခွာချင်ဘူးလို့ ဆိုထားတာကြောင့် ဒီအပြောင်းအရွှေ့ကကြန့်ကြာနေခဲ့ပါတယ်။ ဒီအတွက်ကြောင့် ဒီဂျောင်အသင်းကမထွက်ထွက်အောင် ဘာစီလိုနာဘက်က လုပ်နေတာလို့ စွပ်စွဲနေကြတာဖြစ်ပါတယ်။