မန်ချက်စတာယူနိုက်တက်နည်းပြကြီး အဲရစ်တန်ဟက်ဂျ်က ဘာစီလိုနာနဲ့ပွဲမှာ ခြေစွမ်းပြခဲ့ပြီး အဖိုးတန်ချေပဂိုးကိုပါ သွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူဖရက်ဒ်ကို ချီးကျူးမှုတွေ ပြုလုပ်လိုက်ပါတယ်။ ဒုတိယပိုင်းစပြီး မကြာခင်မှာပဲ ဖရက်ဒ်က အသင်းအတွက် ချေပဂိုးကို သူ အားမသန်တဲ့ ညာခြေနဲ့ အပိုင်ကန်သွင်းပြီး ရယူပေးခဲ့တာ ဖြစ်ပါတယ်။
ဒီနောက်မှာ လူစားဝင်လာတဲ့ အန်တိုနီက အနိုင်ဂိုးသွင်းယူခဲ့ကာ ယူနိုက်တက်တို့ ၂-၁ နဲ့ အနိုင်ရပြီး နှစ်ကျော့ပေါင်း ၄-၃ နဲ့ နောက်တဆင့်ကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့်လည်း ယူနိုက်တက်ဟာ ဆုဖလားလေးလုံးလမ်းကြောင်းပေါ်ကို ဆက်လက်လျှောက်လှမ်းနေဆဲဖြစ်ကာ လာမယ့်တနင်္ဂနွေနေ့မှာ ကာရာဘောင်ဖလားဗိုလ်လုပွဲအဖြစ် နယူးကာဆယ်နဲ့ ကစားရမှာဖြစ်ပါတယ်။
"လာလီဂါရဲ့ ထိပ်တန်းအသင်းတသင်းနဲ့ ရင်ဆိုင်ရတဲ့ ကြီးကျယ်ခမ်းနားတဲ့ ညတညပါပဲ၊ ဒီလိုရလဒ်နဲ့ ကျနော့်အသင်းကို ယုံကြည်မှုတည်ဆောက်ချင်တာပါ၊ အန်တိုနီက ဒီလိုလုပ်နိုင်မယ်ဆိုတာကို ကျနော်သိတယ်၊ သူက ရဲရင့်ပြီး အကြောက်တရားမရှိဘူး၊ ဒုတိယပိုင်းမှာ သူ့ကို ထည့်သွင်းခဲ့တာက အဲဒါတွေလိုအပ်လို့ပါ၊ သူ့ရဲ့ Dribble ၊ သူ ဂိုးသွင်းနိုင်ခဲ့ပါတယ်၊ သူက အဲဒီအတွက် ဝင်ရောက်လာခဲ့တာပါ"
"ဖရက်ဒ်က အရေးပါတဲ့ အခန်းကဏ္ဍတခုမှာ ရှိခဲ့ပါတယ်၊ သူက ဖရန်ကီဒီဂျောင်ကို ရပ်တန့်ဖို့ တာဝန်ယူခဲ့ရတာဖြစ်ပြီး ခြင်တကောင်လိုမျိုးကို သူ စွမ်းဆောင်နိုင်ခဲ့ပြီး ဒီဂျောင်ဘေးနားမှာ အမြဲတမ်းရှိနေခဲ့ပါတယ်၊ ပထမအကျော့တုန်းကလည်း သူ လုပ်ပြသွားတာက ကြီးကျယ်ခမ်းနားပြီး ဒီညမှာလည်း သူ သွင်းဂိုးတဂိုးပါ ရခဲ့ပါတယ်၊ အရမ်းကို ပြောင်မြောက်ပါတယ်" လို့ တန်ဟက်ဂျ်က ပြောဆိုသွားခဲ့ပါတယ်။
ဖရက်ဒ်ကတော့ ဘာစီလိုနာနဲ့ နှစ်ကျော့စလုံးကို ပါဝင်ခွင့်ရခဲ့ချိန်မှာ နှစ်ပွဲစလုံးခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ပရိသတ်တွေရဲ့ ယုံကြည်မှုကိုလည်း ရယူထားနိုင်ခဲ့ပြီး ညကပွဲကတော့ သူ့ရဲ့ ချေပဂိုးက ယူနိုက်တက်ကို ကယ်တင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။