ဘာစီလိုနာဥက္ကဌယိုဟန်လာပေါ်တာကတော့ သူတို့အသင်းကွင်းလယ်လူဖရန်ကီဒီဂျောင်က ယူနိုက်တက်ကို ပြောင်းရွှေ့နိုင်သေးတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီဂျောင်ကို ရောင်းချဖို့အတွက် မူအားဖြင့် ဘာစီလိုနာဘက်က သဘောတူထားပေမယ့်လည်း ကစားသမားဘက်က ငြင်းဆိုထားလို့ ဘာစီလိုနာတို့ အခက်တွေ့နေရပြီး ကစားသမားသစ်တွေကို မှတ်ပုံတင်ဖို့ပါ အဟန့်အတားဖြစ်နေပါတယ်။
ဒီဂျောင်ကို လစာအကြွေးအဖြစ် ယူရို ၁၇ သန်းအထိ ဘာစီလိုနာက ပေးချေဖို့ရှိနေပါတယ်။ ဒီဂျောင်ကို ရောင်းချနိုင်ခဲ့မှသာ လီဝန်ဒေါစကီးနဲ့ ရာဖင်ဟာတို့ကို အသင်းလူစာရင်းမှာ စာရင်းသွင်းနိုင်မှာဖြစ်လို့လည်း ဘာစီလိုနာဘက်က အပူတပြင်းဖြစ်နေတာပါ။ တကယ်လို့ အသင်းမပြောင်းဘူးဆိုရင်လည်း လစာငွေကို ၄၀% အထိ လျှော့ယူဖို့ ဘာစီလိုနာက တောင်းဆိုထားပါတယ်။
ဒီအပြောင်းအရွှေ့မှာ ကစားသမားသစ်ခေါ်ယူမှုအတွက် ပေါင်သန်း ၁၀၀ ကျော်အထိ ဘာစီလိုနာက အသုံးပြုထားပါတယ်။ ဘဏ္ဍာရေးပြသနာတွေရှိနေတဲ့ ဘာကာက အခုလိုဝယ်ယူခဲ့တဲ့အပေါ်မှာလည်း အားလုံးက အံ့အားသင့်နေရပါတယ်။ CBS သတင်းဌာနက ဒီဂျောင်က ယူနိုက်တက်ကို မပြောင်းရွှေ့ဘူးဆိုတာကို အတည်ပြုနိုင်လားလို့ မေးမြန်းခဲ့ပါတယ်။
ဒီမေးခွန်းကို လာပေါ်တာက "ဘောလုံးမှာ ခင်ဗျားဘာကိုမှမသိနိုင်ဘူး၊ ဒီအပြောင်းအရွှေ့က ပါဝင်ပတ်သက်သူတွေအားလုံးအပေါ်မှာ မူတည်နေပါတယ်၊ ကျနော်ပြောနိုင်တာကတော့ သူ အသင်းမှာ ဆက်ရှိနေဖို့က အရမ်းကြီးဖြစ်နိုင်ချေရှိတယ်၊ ပြီးတော့ သူ ဆက်ရှိနေဖို့လည်း ကျနော် အကောင်းဆုံးလုပ်သွားမှာပါ" လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးမှာ ဘာမှမသိနိုင်ဘူးဆိုတဲ့ ပြောဆိုမှုက ဒီဂျောင်အသင်းပြောင်းရွှေ့နိုင်သေးလို့ ယူဆရပါတယ်။
ယူနိုက်တက်နည်းပြတန်ဟက်ဂျ်ကလည်း သူ့တပည့်ဟောင်းကို မရရအောင်ခေါ်ယူဖို့ စိတ်အားထက်သန်နေပြီး အခုချိန်ထိ လက်မလျှော့သေးတာဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့ ကြိုးပမ်းမှုက ၂လကျော်လာတဲ့အထိ အဆင်မပြေသေးဘဲ နောက်ထပ် အခြားရွေးချယ်စရာတွေကို စတင်လုပ်ဆောင်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။