VR Headset တွေ သုံးပြီး ပုံရိပ်ယောင်ပတ်ဝန်းကျင်တွေနဲ့ ဆက်သွယ်နိုင်မယ့် Metaverse တစ်ခု ဖြစ်လာဖို့ Facebook အနေနဲ့ စတင် အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။
နောက် ၅ နှစ်အတွင်း Facebook ဟာ ဥရောပသမဂ္ဂအတွင်းက လူ ၁ သောင်းကို အလုပ်ခန့်အပ်ဖို့ စီစဉ်နေတယ်လို့ CNBC သတင်းက ဆိုပါတယ်။ ဒီအလုပ်တွေက နည်းပညာအရည်အချင်းမြင့်မားတဲ့ အလုပ်အကိုင်တွေ ဖြစ်ပြီး Facebook ရဲ့ ပုံရိပ်ယောင် AR/VR အတွေ့အကြုံသစ် ဖန်တီးရေးမှာ ပါဝင်ရမယ်လို့လည်း ဆိုပါတယ်။ တစ်နည်းအားဖြင့် Facebook ကို Metaverse ကုမ္ပဏီတစ်ခု ဖော်ဆောင်ရေးမှာ ဝင်ပြီး တည်ဆောက်ပေးရမယ့်အလုပ်တွေလည်း ဖြစ်ပါတယ်။
Photo: BreezyScroll
Metaverse ဆိုတာ လူတွေရဲ့ အလုပ်အကိုင်တွေ ၊ ဖျော်ဖြေရေးနဲ့ ဆက်သွယ်ရေးတွေကို ပုံရိပ်ယောင်ပတ်ဝန်းကျင်တစ်ခုထဲမှာ လုပ်ကိုင်ဆောင်ရွက်စေတဲ့ ဒီဂျစ်တယ်လောကကြီးတစ်ခု ဖြစ်ပြီး သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲကလို အဆင့်မြင့် VR headsets တွေ သုံးပြီး ဆက်သွယ်ရမှာပါ။ Facebook CEO မတ်ခ်ဇူကာဘတ်ဟာ Metaverse စိတ်ကူးကို အစောကတည်းက ကြိုတင်ကြံစည်ထားသူဖြစ်ပြီး ဇူလိုင်လထဲမှာလည်း Metaverse နဲ့ ဆိုင်တဲ့ သူ့မျှော်မှန်းချက်တွေ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
"ဖန်တီးမှု ၊ လူမှုဆက်ဆံရေးနဲ့ စီးပွားရေးအခွင့်အလမ်းသစ်တွေ လမ်းဖွင့်ပေးနိုင်ဖို့ Metaverse က အလားအလာရှိပါတယ်။ ဥရောပတိုက်သားတွေဟာ Metaverse ကို အစကနေ စပြီး ပုံဖော်သွားပါလိမ့်မယ်။" လို့ Facebook ရဲ့ ဘလော့ဂ်မှာ ဖော်ပြထားပါတယ်။
ဈေးကွက်အင်အားကြီးမားခြင်း ၊ ကမ္ဘာ့အဆင့် တက္ကသိုလ်များ ရှိခြင်း လူတော်လူကျော် ဉာဏ်ကြီးရှင် Talents တွေ များခြင်းကြောင့် EU မှာ အခုလို ရင်းနှီးမြှပ်နှံမှု လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ Facebook ဟာ ဂျာမနီ ၊ ပြင်သစ် ၊ အီတလီ ၊ စပိန် ၊ ပိုလန် ၊ နယ်သာလန်နဲ့ အိုင်ယာလန်နိုင်ငံတွေက ပညာရှင်တွေကို အလုပ်ခေါ်ဆိုမှု လုပ်သွားမှာပါ။ အိုင်ယာလန်နိုင်ငံ Cork မြို့မှာလည်း Facebook ပိုင် Reality Labs ရုံးတစ်ခု ရှိသလို ပြင်သစ်မှာ AI သုတေသနဓါတ်ခွဲခန်းတစ်ခုလည်း ဖွင့်ထားပါတယ်။
Photo: CNBC
Facebook ဟာ ၂၀၁၉ ခုနှစ်ကလည်း မြူးနစ် နည်းပညာတက္ကသိုလ်နဲ့ ပူးပေါင်းပြီး AI ကျင့်ဝတ်သုတေသနစင်တာတစ်ခု ဖန်တီးထားပါတယ်။ Metaverse တစ်ခု တည်ထောင်ခြင်းဟာ Facebook အတွက် အဓိကဦးစားပေးအစီအစဉ်တွေထဲက တစ်ခုဖြစ်ပါတယ်။ မကြာသေးခင်ကပဲ Metaverse တည်ဆောက်ရေးမှာ အထောက်အကူဖြစ်စေဖို့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေမှာ ဒေါ်လာ သန်း ၅၀ ထည့်ဝင်မြှပ်နှံထားပါတယ်။
Metaverse တစ်ခု ဖြစ်လာဖို့ ကုမ္ပဏီတစ်ခုတည်းနဲ့ နေ့ချင်းညချင်း တည်ဆောက်လို့ မရဘဲ အများတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့လည်း Facebook က ဆိုပါတယ်။ Microsoft ၊ Roblox နဲ့ Epic Games အပါအဝင် ကုမ္ပဏီအတော်များများလည်း ကိုယ့်ဗားရှင်းနဲ့ကိုယ် Metaverse တစ်ခု ဖန်တီးဖို့ အကြီးအကျယ် ရင်းနှီးမြှပ်နှံနေကြပါတယ်။တကယ့် Metaverse အိုင်ဒီယာစစ်စစ် ဖြစ်ပေါ်လာဖို့ နောက်ထပ် ၁၀ နှစ်ကနေ ၁၅ နှစ်အထိ ကြာနိုင်ပါတယ်။