ကင်မစ်ချ်ကို အာဆင်နယ်ပရိသတ်တွေ ပစ်မှတ်ထားနေပြန်တာပါ။

ဘိုင်ယန်မြူးနစ်နဲ့ အာဆင်နယ်တို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ ဘိုင်ယန်ကစားသမား ကင်မစ်ချ် ဂိုးသွင်းအပြီး အာဆင်နယ် ကစားသမား ဆာကာကို လှောင်ပြောင်ခဲ့တယ်လို့ အာဆင်နယ်ပရိသတ်တွေက ယုံကြည်နေပါတယ်။ ဒီပွဲမှာ ဘိုင်ယန်က ကင်မစ်ချ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။



အဲ့ဒါကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၃-၂ ဂိုးနဲ့ ဘိုင်ယန်မြူးနစ်တို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဒီလိုမျိုး အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးကို ခေါင်းတိုက်သွင်းယူပြီးချိန်မှာ ကင်မစ်ချ်က အသင်းဖော် မူလာနဲ့ စကားပြောဆိုခဲ့ပါသေးတယ်။


ဒီလိုမျိုး အောင်ပွဲခံရင်း၊ စကားပြောဆိုရင်းအချိန်မှာပဲ ကင်မစ်ချ်က ဆာကာရဲ့ လူသိများတဲ့ လှုပ်ရှားမှုပုံစံကို လိုက်လံတုပ လုပ်ပြခဲ့တာပါ။ ဒါက ဆာကာကို ရည်ရွယ်ခြင်းရှိ၊ မရှိ သူကိုယ်တိုင်ပဲ သိမှာဖြစ်ပေမယ့် အာဆင်နယ်ပရိသတ်တွေကတော့ ကင်မစ်ချ်တစ်ယောက် သူတို့ရဲ့ ကစားသမားကို လှောင်ပြောင်ခဲ့တာလို့ ယုံကြည်နေပါတယ်.

အာဆင်နယ်ပရိသတ်တွေက “ကင်မစ်ချ်က ဆာကာကို လှောင်ပြောင်စရာ ဘာအကြောင်းမှမရှိပါဘူး” “ဆာကာရဲ့ လူသိများတဲ့ လှုပ်ရှားမှုပုံစံကို ကင်မစ်ချ်က လိုက်လှောင်နေတာပဲ” “တူဟယ်လ်က သူ့အသင်းကို တကယ့် သောက်တလွဲတွေ သင်ပေးထားတာပဲ” လို့ ဝေဖန်ပြောကြားခဲ့ကြပါတယ်။

ဒါ့အပြင် ပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာလည်း ကင်မစ်ချ်က အာဆင်နယ်ကစားသမားတွေက ပွဲကို ထိန်းချုပ်လိုခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ရဲ့ တန်ပြန်တိုက်စစ်တွေကိုလည်း ကြောက်ရွံ့နေကြောင်း၊ ဒါပေမယ့် ဘိုင်ယန်မြူးနစ်ကသာ အန္တရာယ်ရှိတဲ့ တိုက်စစ်ဆင်မှုတွေကို ပြုလုပ်နိုင်ခဲ့ကြောင်း ပြောကြားသွားပါတယ်။

Share

Loading Next Article...
က္က