အသင်းကထွက်မယ်လို့ ပေါ်တင်ပြောဆိုခဲ့တာကို ပြန်တုံ့ပြန်ခဲ့တာပါ။

ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာတော့မယ်လို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့ တိုက်စစ်မှူးလီဝန်ဒေါစကီးကို အသင်းဂန္ထဝင်ဂိုးသမားဟောင်းကြီး အိုလီဗာခန်းက သတိပေးပြောဆိုမှုတွေ ပြုလုပ်လိုက်ပါတယ်။ ပိုလန်တိုက်စစ်မှူးဟာ ဘိုင်ယန်ကနေ သူ သေချာပေါက်ထွက်ခွာမယ့်အကြောင်းကို မနေ့က ထပ်မံပြောဆိုခဲ့တာဖြစ်ပြီး ဆက်ကစားဖို့ ဘာအကြောင်းမှမရှိတော့ဘူးလို့ ဆိုပါတယ်။ 

လီဝန်ဒေါစကီးရဲ့ ဒီတကြိမ်ပြောဆိုမှုဟာ ရှင်းလင်းပြတ်သားပြီး အသင်းက သူ့ကိုဆွဲမထားဖို့အတွက်ပါ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ နေးရှင်းလိဂ်ပွဲစဉ်အဖြစ် ပိုလန်အတွက်ကစားပေးဖို့ရောက်ရှိနေချိန်မှာ ပြောဆိုခဲ့တာဖြစ်ပြီး ဘိုင်ယန်နဲ့ သူ့ရဲ့ကြားမှာ ဘယ်လိုဇာတ်လမ်းမျိုးမှ ဆက်ရှိနေတော့မှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ 

"ဘိုင်ယန်မှာ ကျနော့်ခေတ်က ပြီးသွားပါပြီ၊ ဒီအသင်းနဲ့ ကျနော်ဆက်ကစားဖို့ ဘယ်လိုဖြစ်နိုင်ချေမှ မရှိတော့ပါဘူး၊ သူတို့လည်း ကျနော့်ကို ဆက်ထိန်းထားမှာမဟုတ်ဘူးလို့ ယုံတယ်၊ ဒီမှာလည်း ကျနော် ဆက်မကစားနိုင်တော့ဘူး၊ အပြောင်းအရွှေ့ကသာ အကောင်းဆုံးဖြေရှင်းနည်းပါ၊ ကျနော့်ကို သူတို့မတားဆီးဖို့ မျှော်လင့်ပါတယ်" လို့ လီဝန်ဒေါစကီးက ပြောခဲ့ပါတယ်။ 

ဒီပြောဆိုမှုကို အိုလီဗာခန်းက "ရောဘတ်က သူ့အခြေအနေကို ဆက်သွယ်ပြောဆိုဖို့ ဒီနည်းလမ်းကို ဘာလို့ရွေးချယ်တာလဲဆိုတာ ကျနော် နားမလည်ဘူး၊ ဒီလိုမျိုး အားလုံးရှေ့မှာပြောတာမျိုးက သူ့ကို ဘယ်နေရာမှ မရောက်စေပါဘူး၊ ဘိုင်ယန်မှာ သူ ဘာတွေရရှိခဲ့လဲဆိုတာကို ပြန်ပြီးတော့ သတိရသင့်ပါတယ်၊ သူက ဒီကိုရောက်မှ ကမ္ဘာ့အကောင်းဆုံးထဲက တဦးဖြစ်လာတာပါ" လို့ ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။ 


Share

က္က