တိုးတက်မှုတွေက ဆက်တိုက်လာမယ်လို့ အာတီတာက အခိုင်အမာဆိုပါတယ်။

နော်ဝှစ်ချ်ကို အဝေးကွင်းမှာ ၅ ဂိုးပြတ်သွင်းယူပြီး နိုင်ပွဲရခဲ့ပြီးနောက် အာဆင်နယ်နည်းပြအာတီတာက သူ့အသင်းရဲ့ တိုးတက်မှုတွေက ဒီလောက်နဲ့မပြီးသေးဘူးလို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။ အာဆင်နယ်ကတော့ ယူနိုက်တက်၊ အဲဗာတန်တို့ကို ဆက်တိုက်အရေးနိမ့်ခဲ့ပြီးနောက် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲဆက် အနိုင်ရရှိခဲ့ပါတယ်။

အဆိုပါ ၅ ပွဲမှာ အာဆင်နယ်က ၁၉ ဂိုးအထိသွင်းယူခဲ့ပြီး ပေးဂိုးက ၂ဂိုးတည်းသာ ရှိခဲ့တာလည်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ဆက်တိုက်နိုင်ပွဲရရှိခဲ့ပြီးနောက် အဆာင်နယ်က အဆင့် ၄ နေရာအထိကို တက်လှမ်းနိုင်ခဲ့ပြီး သူတို့ရဲ့ ထိပ်ဆုံး ၄ သင်းစာရင်းဝင်ဖို့ မျှော်လင့်ချက်တွေက အားကောင်းလာခဲ့ကာ ဥရောပပြိုင်ပွဲတွေကို ပြန်လည်ကစားနိုင်ဖို့အတွက် နီးစပ်လာပြီလည်းဖြစ်ပါတယ်။ 

နော်ဝှစ်ချ်နဲ့ပွဲအပြီးမှာ အာတီတာက "ပွဲတိုင်းကို ကျွန်တော်တို့အကောင်းဆုံးကြိုးစားပြီး ကစားနေတာပါ၊ ဒီပွဲက အရမ်းကောင်းတဲ့ ဥပမာတခုပါပဲ၊ ကျနော်တိ့အတွက် ကြိးမားတဲ့နိုင်ပွဲလည်းဖြစ်ပြီး ကျနော်အရမ်းပျော်ရွှင်ပါတယ်၊ ပရီးမီးယားလိဂ်အဝေးကွင်းပွဲတွေကို အနိုင်ရဖို့ဆိုတာက မလွယ်ကူလှပါဘူး၊ ပွဲစကတည်းက ကျနော်တို့ လွှမ်းမိုးထားနိုင်ခဲ့ပြီး အရည်အသွေးကိုလည်း ပြသနိုင်ခဲ့ပါတယ်"

"အသင်းလုပ်ဆောင်နေတဲ့ ဦးတည်ချက်၊ တိုးတက်လာမှု၊ နားလည်မှု၊ စည်းလုံးညီညွှတ်မှုနဲ့ ပွဲတိုင်းလိုက်အားပေးနေတဲ့ ပရိသတ်တွေရဲ့ ကူညီမှုက ကျွန်တော်တို့သွားချင်တဲ့ပုံစံနဲ့ အများကြီးဆက်စပ်နေပါတယ်၊ အသင်းနဲ့ ပရိသတ်တွေ စည်းလုံးညီညွှတ်မှုတွေရှိနေတာက အရမ်းကျေနပ်စရာကောင်းပါတယ်" လို့ ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။

အသင်းခေါင်းဆောင်တိုက်စစ်မှူးအော်ဘာမီယန်ကို စည်းကမ်းပိုင်းမလိုက်နာမှုကြောင့် အသင်းမှာရွေးချယ်မှုမလုပ်ခဲ့တာတောင် အာဆင်နယ်က လူငယ်ကစားသမားတွေခြေစွမ်းပြမှုနဲ့အတူ ဂိုးတွေ အများအပြားရရှိနေခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က