ဘရာဇီးဂန္တဝင်ကစားသမားကြီး ရော်နယ်ဒင်ဟိုက သူ့အနေနဲ့ လာမယ့် ကိုပါအမေရိကပြိုင်ပွဲမှာ ဘရာဇီးကို လုံးဝအားပေးသွားမှာ မဟုတ်ကြောင်း အံ့အားသင့်ဖွယ် ပြောကြားလိုက်ပါတယ်။ ရော်နယ်ဒင်ဟိုက လက်ရှိအသင်းနဲ့ ပတ်သက်လို့ တော်တော်လေး စိတ်ပျက်နေတာပါ။
ကိုပါအမေရိကပြိုင်ပွဲဝင်မယ့် ဘရာဇီးမှာ အယ်လစ်ဆန်၊ အီဒါဆန်၊ ဒန်နီလို၊ မာကွင်ဟို့စ်၊ ဂွီမာရေးစ်၊ ပါကေတာ၊ ရိုဒရီဂို၊ ရာဖင်ညာ၊ ဗီနီရှပ်စ်၊ ဘရီးမား၊ ဒေါက်ဂလပ်စ်လုဇ်၊ မာတီနယ်လီတို့လို ကစားသမားတွေ ပါဝင်နေပါတယ်။
ဒီကစားသမားတွေရဲ့ အနေအထားအပေါ် ရော်နယ်ဒင်ဟိုက စိတ်တိုင်းကျပုံမပေါ်ဘဲ သာမန်ခြေစွမ်းအဆင့်ပဲရှိတဲ့ ကစားသမားတွေလို့လည်း ဝေဖန်ခဲ့ပါသေးတယ်။ ရော်နယ်ဒင်ဟိုက “လာမယ့် ကိုပါအမေရိကပြိုင်ပွဲမှာ ကျနော် ဘရာဇီးပွဲတွေကို လုံးဝကြည့်မှာ မဟုတ်ပါဘူး။ သူတို့ အောင်မြင်မှုရလည်း ကျနော် အောင်ပွဲမခံပါဘူး”
“လက်ရှိအသင်းက ဒီနောက်ပိုင်းနှစ်တွေမှာ အဆိုးရွားဆုံး အသင်းတစ်သင်းပါ။ ဘရာဇီးမှာ သူ့နေရာနဲ့သူ ခေါင်းဆောင်နိုင်တဲ့ ကစားသမား မရှိဘူး၊ သာမန်အဆင့်ပဲရှိတဲ့ ကစားသမားတွေက အသင်းရဲ့ အဓိကကစားသမားတွေဖြစ်နေတယ်။ ရှက်ဖို့ကောင်းပါတယ်ဗျာ”
“ကျနော်တို့အတွက် ဒါက လက်ခံလို့ရတဲ့ အနေအထားမျိုး မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ဘရာဇီးကတော့ လာမယ့် ကိုပါအမေရိကပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ပစ်မှတ်ထားနေပြီး အာဂျင်တီးနားနဲ့အပြိုင် ချန်ပီယံဖြစ်ဖို့အတွက် ရေပန်းစားလျက်ရှိပါတယ်။