သူ့လို လွဲချော်နေတဲ့ တိုက်စစ်မှူးတယောက်ကို ချယ်လ်ဆီးပရိသတ်တွေက ဘာလို့အားပေးနေရလဲဆိုတာကို နားမလည်နိုင်အောင်ဖြစ်ရတယ်လို့ တီမိုဝါနာက ဝန်ခံလိုက်ပါတယ်။ ဝါနာဟာ လိုက်ဇစ်ကနေ ချယ်လ်ဆီးကို ပေါင် ၄၇.၅ သန်းနဲ့ ၂၀၂၀ ခုနှစ်၊ ဇွန်လမှာ ပြောင်းရွှေ့လာခဲ့သူဖြစ်ကာ ဂျာမနီမှာပြသခဲ့တဲ့ ခြေစွမ်းမျိုးကို လက်ရှိအချိန်ထိ မပြသနိုင်သေးသူဖြစ်ပါတယ်။
လိုက်ဇစ်အတွက် နောက်ဆုံးရာသီမှာ ဘွန်ဒက်လီဂါ ၃၈ ပွဲကစားပေးခဲ့ပြီး ၂၄ ဂိုးအထိ ဝါနာက ရရှိခဲ့ပေမယ့်လည်း ချယ်လ်ဆီးမှာတော့ အဆင်မပြေမှုတွေအများအပြားနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ချယ်လ်ဆီးမှာ ပြိုင်ပွဲစုံ ၇၁ ပွဲကစားထားအပြီး ၁၈ ဂိုးသာ သွင်းယူထားနိုင်ခဲ့ကာ ဒါဟာ လိုက်ဇစ်မှာကစားခဲ့တဲ့ နောက်ဆုံးတရာသီရဲ့ လိဂ်ဂိုးအရည်အတွက်ထက်တောင်မှ နည်းပါးနေတာဖြစ်ပါတယ်။
ဝါနာက "တခါတလေမှာ ကျွန်တော့်ကို ဘာလို့အားပေးနေကြလဲဆိုတာကို မသိဘူး၊ ကျနော်က တိုက်စစ်မှူးတယောက်ပါ၊ ဒါကြောင့်လည်း ဂိုးတွေသွင်းချင်ပါတယ်၊ ဒါပေမယ့် ကျနော် အခွင့်အရေးတွေလွဲချော်ခဲ့ပါတယ်၊ ချယ်လ်ဆီးပရိသတ်တွေရှေ့မှာ ကစားရတာက အရမ်းပျော်ဖို့ကောင်းပါတယ်၊ သူတို့က ကျနော့်ကိုအားပေးထောက်ခံမှုတွေ လုပ်ကြတယ်၊ ဒါက ကျနော့်ကို ခက်ခဲစေတဲ့အချိန်တွေမှာ ပိုပြီးသန်မာလာစေခဲ့ပါတယ်"
"ပွဲတိုင်းမှာအကောင်းဆုံးကစားပေးနိုင်ဖို့ ကျနော်ကြိုးစားနေပြီး အသင်းပျော်ရွှင်မှုရအောင် ရာနှုန်းပြည့်အားထုတ်ပေးနေတာပါ" လို့ ပြောဆိုခဲ့ကြောင်း Sportbible က ဖော်ပြခဲ့ပါတယ်။ ဝါနာကတော့ ဒီရာသီမှာ လိဂ်ဂိုးတဂိုးတည်းသာ ရရှိထားပြီး အခြားပြိုင်ပွဲတွေမှာ ၅ ဂိုးသွင်းယူပေးထားပြီး တူချယ်လ်လက်အောက်မှာ ပုံမှန်ကစားခွင့်ရဖို့ တော်တော်လေးကြိုးစားနေရတာဖြစ်ပါတယ်။