ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလာတဲ့ မက်ဆီဟာ အသင်းသစ်နဲ့ ပထမဆုံးရာသီမှာ မကြာခဏဆိုသလို ဝေဖန်မှုတွေရဲ့ သားကောင်ဖြစ်ခဲ့ရပါတယ်။ ဘာစီလိုနာမှာ အိမ်ရှေ့စံဘဝနဲ့ နေခဲ့ရတဲ့ ဒီကစားသမားက ပီအက်စ်ဂျီမှာတော့ ကိုယ့်အသင်းပရိသတ်ကပါ ပြန်လည်လှောင်ပြောင်တာခံရတဲ့အထိ အခြေအနေဆိုးခဲ့တာပါ။
ဒီကစားသမားဟာ ပြင်သစ်လီဂူးမှာ (၄) ဂိုးသာ သွင်းထားနိုင်ပေမယ့် ဂိုးဖန်တီးမှုကတော့ (၁၃) ကြိမ်အထိရှိပါတယ်။ ပြင်သစ်လီဂူးမှာဆိုရင် မက်ဆီထက် ဂိုးဖန်တီးမှုပိုများတဲ့ ကစားသမားက အမ်ဘာပေတယောက်တည်းရှိပြီး တကြိမ်သာ ပိုမိုများပြားနေတာဖြစ်ပါတယ်။
အခုတခါ နောက်ဆုံးထွက်ပေါ်လာတဲ့အချက်အလက်တွေအရလည်း ဒီရာသီ ဥရောပထိပ်တန်းလိဂ် (၅) ခုရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမားစာရင်းမှာ မက်ဆီက တတိယနေရာမှာရှိတယ်လို့ အချက်အလက်ဆိုင်ရာ ဝက်ဘ်ဆိုက်ဒ်တခုဖြစ်တဲ့ whoscored က ဖော်ပြထားပါတယ်။
ဒီအချက်အလက်တွေကိုတော့ လိဂ်ပွဲတွေက သွင်းဂိုး၊ ဂိုးဖန်တီးမှု၊ ပေးဂိုးရှိ၊ မရှိ၊ ဘောလုံးပေးပို့မှု အောင်မြင်မှုနှုန်း၊ တပွဲချင်းစီအလိုက် အကောင်းဆုံး စွမ်းဆောင်မှုတွေအပေါ် အခြေခံတွက်ချက်တာပါ။
အံ့အားသင့်ဖွယ်ကောင်းစွာနဲ့ပဲ မက်ဆီက တပွဲပျမ်းမျှ အဆင့်သတ်မှတ်ချက် (၁၀) မှာ (၇.၇၁) အထိ ရရှိခဲ့ပြီး သူ့ထက် ပိုများတဲ့ ကစားသမားဆိုလို့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး (၇.၉၃)၊ ပီအက်စ်ဂျီအသင်းဖော် အမ်ဘာပေ (၇.၉၁) တို့သာ ရှိတယ်လို့ သိရှိရပါတယ်။ လီဝန်ဒေါစကီးဟာ ဒီရာသီ လိဂ်ပွဲ (၃၁) ပွဲမှာ (၃၃) ဂိုး၊ အမ်ဘာပေက လိဂ်ပွဲ (၃၁) ပွဲမှာ (၂၂) ဂိုး သွင်းယူထားနိုင်ပါတယ်။
မက်ဆီရဲ့အနောက်မှာတော့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘန်ဇီမာက (၇.၆၈) နဲ့ ရပ်တည်နေပြီး အဲ့ဒီနောက်မှာ ဆာလာ၊ ကင်မစ်ချ်၊ အန်ကွန်ကူး၊ အူစမန်နီဒမ်ဘီလီ၊ နေမာ၊ ဟာလန်းတို့က အဆင့် (၁၀) အထိ အစဥ်လိုက်ရပ်တည်နေတယ်လို့ သိရှိရပါတယ်။ ဒီရာသီ ပြိုင်ပွဲစုံမှာ ယူနိုက်တက်ကို အကောင်းဆုံး ထမ်းတင်ပေးနေတဲ့ ရော်နယ်ဒိုကတော့ ဒီစာရင်းမှာ အဆင့် (၁၀) အတွင်းတောင် မဝင်ရောက်ခဲ့ပါဘူး။