In partnership with  logo
မိမိကိုယ်ကိုယ် ကောင်းကောင်းဂရုစိုက်သွားလာဖို့ လိုအပ်ပါတယ်။

ဒီကာလမှာ ဝန်ထမ်းတွေအတွက် ရုံးသွားရုံးပြန်သွားလာလှုပ်ရှားကြတဲ့နေရာမှာ အဆင်မပြေမှုတွေ၊ စိုးရိမ်မှုတွေ၊ စိတ်အနှောင့်အယှက်တွေဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် လုံခြုံစိတ်ချရအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာကို ဝန်ထမ်းတိုင်းသိထားဖို့ လိုပါတယ်။ 



ရောဂါအန္တရာယ် နဲ့ မမြင်ရတဲ့ အန္တရာယ် 

ဒီကာလမှာ တချို့ရုံးတွေက အိမ်ကနေ အလုပ်လုပ်နေရပေမယ့်လည်း မဖြစ်မနေ ရုံးတက်၊ အလုပ်တက်နေရတဲ့သူတွေလည်း ရှိနေပြန်ပါတယ်။ စားဝတ်နေရေးအတွက် အလုပ်တက်နေရပေမယ့်လည်း ကိုယ့်ကို ထိခိုက်နစ်နာသွားမှာကို ကြောက်ရွံ့စိုးရိမ်ကြတဲ့ ဝန်ထမ်းတွေအတွက် ဒီကာလမှာ အလုပ်သွား အလုပ်ပြန် သွားလာလှုပ်ရှားတဲ့ ‌နေရာမှာ မိမိကိုယ်ကိုယ် ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

AMARA Consulting တည်ထောင်သူ ဦးမင်းခေါင်က မမြင်ရတဲ့ အန္တရာယ်တွေကို ဘယ်လိုရှောင်ကြဉ်ရမလဲဆိုတာကို ခုလို အကြံပေးပါတယ်။ 

“ ကိုဗစ်ကို ရှောင်ဖို့ ပြောရတာလွယ်ပေမယ့် violence ကို ရှောင်ဖို့ကတော့ ပြောရတာတော်တော်လေး ခက်ခဲမယ်။ နောက် လူရှင်းတဲ့အချိန်တွေ၊ ရုံးချိန်ထက် နည်းနည်းလေးစောပြီး ရုံးသွား ရုံးပြန်ရင်လည်း ရုံးနဲ့ ညှိပြီး စောစောလေး အိမ်ပြန်ပေါ့။ ဒါဆိုရင်တော့ လူစုလူဝေးရှိတဲ့အချိန်ကို ရှောင်ပြီးသားဖြစ်သွားပြီး ကိုဗစ်ကိုရော violence ကိုရော ကာကွယ်နိုင်မယ်။ ပတ်ဝန်းကျင်ကို အကဲခတ်နေဖို့ လိုတယ်။ ဘယ်နားက ကိုယ့်အတွက် လုံခြုံမလဲ ရှာထားပေါ့။ အဝတ်အစားကတော့ ဘောင်းဘီရှည်လိုဟာမျိုးနဲ့ ရှုးဖိနပ်လိုမျိုးစီးတာက ပိုကောင်းတယ်။ ပြေးလို့လွှားလို့ လွယ်တာပေါ့။ ထဘီတို့ ၊ ပုဆိုးတို့က လှုပ်ရရှားရ ခက်နိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပစ္စည်းတွေ ဆောင်ထားရင် ပိုပြဿနာတက်နိုင်လောက်မယ်လို့ ကျွန်တော်ထင်တယ်။ ဆောင်ထားရမှာတစ်ခုတော့ ရှိတယ်။ သတိပေါ့။ သတိကိုတော့ အမြဲတမ်းဆောင်ထား။ အမြဲသတိကပ်နေ။ ကိုယ့်ရဲ့ အန္တရာယ်ကင်းရာကင်းကြောင်းကို ကြိုပြီး စဉ်းစားထားပါလို့ ကျွန်တော် အကြံ‌ပေးချင်တယ်။”  

cpacanada.ca

၁။ ရောဂါကို အပြည့်အဝကာကွယ်ထားပါ။

ကိုဗစ်ရောဂါ ပြန့်ပွားနေတဲ့ ကာလဖြစ်တဲ့အတွက် အလုပ်သွား အလုပ်ပြန်တဲ့ အချိန် နဲ့ အလုပ်ချိန်တွေမှာ ရောဂါ ကာကွယ်တဲ့ နည်းလမ်းတွေကို မဖြစ်မနေ ကျင့်သုံးသင့်ပါတယ်။ Mask ၊ Face shield တပ်ထားဖို့ ၊ လက်ဆေးဖို့အတွက် Alcohol ဆောင်ထားဖို့တွေကို မမေ့လျော့သင့်ပါ။ ဖယ်ရီကားစီးတာဖြစ်စေ၊ လိုင်းကားစီးတာဖြစ်စေ လေဝင်လေထွက်ကောင်းတဲ့ အဝနား၊ ပြတင်းပေါက်နား စတဲ့ နေရာတွေမှာ ထိုင်စီးတာမျိုး ပြုလုပ်သင့်ပါတယ်။ 

၂။ နားကြပ်အချိန်ပြည့်တပ်ထားတာရှောင်ပါ။ 

များ‌သောအားဖြင့် ဝန်ထမ်းတွေဟာ အလုပ်သွားအလုပ်ပြန် အချိန်ပြည့် နားကြပ်တပ်ထားတာမျိုး၊ သီချင်းနားထောင်နေတာမျိုး ပြုလုပ်တတ်ကြပါတယ်။ ဒီလို အကြပ်အတည်းကာလကြီးမှာတော့ ကိုယ့် ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေသလဲဆိုတာကို အချိန်ပြည့် ကြားနေသိနေဖို့ လိုအပ်တာကြောင့် သတိလက်လွတ် နားကြပ်တပ်ပြီး သီချင်းနားထောင်နေတာတွေကို ရှောင်ရှားသင့်ပါတယ်။ 

၃။ အချိန်ပြည့်သတိချပ်နေပါ။ 

အထက်က ပြောခဲ့သလိုပါပဲ။ နားကြပ်မတပ်ထားရုံနဲ့ ကိုယ့်ကိုယ်ကိုယ် လုံခြုံနေတယ်လို့ သတ်မှတ်လို့ မရပါဘူး။ ကိုယ့်နားမှာ ဘယ်သူတွေ ရှိနေလဲ၊ ဘာအကြောင်းအရာပြောနေလဲ၊ ဘာတွေဖြစ်နေသလဲဆိုတာကို မျက်စိရှင်ရှင်နဲ့ သတိချပ်နေဖို့ လိုအပ်ပါတယ်။ သတိလွတ်မသွားမှသာလျှင် မမြင်ရတဲ့ အန္တရာယ်တွေ ကိုယ့်ဆီကို မကျရောက်နိုင်တော့မှာ ဖြစ်ပါတယ်။ 

fm-magazine.com

၄။ လူစုလူဝေးရှိတဲ့နေရာတွေရှောင်ပါ။

ရောဂါအတွက်တင်သာမက မမြင်ရတဲ့ အန္တရာယ်တွေဆီကပါ ကာကွယ်နိုင်စေဖို့ လူစုလူ‌ဝေး‌ေတွေနဲ့ ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ မလိုအပ်ဘဲ လူများပြားနေတဲ့ အရပ်တွေကို သွားလာတာမျိုးရှောင်ကြဉ်သင့်ပါတယ်။ လူများလေလေ ကိုယ့်အတွက် အန္တရာယ်များလေလေပါပဲ။ 

၅။ ဖုန်းကို အချိန်ပြည့်ကြည့်နေခြင်းရှောင်ပါ။ 

ဆိုရှယ်မီဒီယာအသုံးများလာတာနဲ့အမျှ လူတိုင်းလိုလိုဟာ ဖုန်းကို မျက်စိထဲက အပျောက်မခံနိုင်ကြတော့ပါဘူး။ ဖုန်းကို တစ်ချိန်လုံး ငုံ့သုံးနေရင်း ဘယ်‌ရောက်လို့ ဘယ်ပျောက်မှန်းမသိအောင် ဖြစ်နေတတ်ကြပါတယ်။ ဒီလိုကာလမှာတော့ ဘယ်ကို ရောက်နေမှန်းမသိလောက်အောင် ဖုန်းထဲ စိတ်တစ်ခုလုံးနစ်မြှုပ်နေလို့ မရပါဘူး။ မျက်စိရှင်ရှင် ၊ သတိကြီးကြီး ထားရမယ့် ကာလဖြစ်နေတာကြောင့် ဖုန်းကို အချိန်ပြည့်ကြည့်နေတာမျိုးတွေကိုလည်း ရှောင်ရှားသင့်ပါတယ်။ 

၆။ သွားလာလှုပ်ရှားရင်း လုံခြုံမယ့်နေရာရှာထားပါ။ 

ဘယ်နေရာမှာ ဘာဖြစ်နေသလဲဆိုတာတွေကို သတိထားရမှာဖြစ်သလို ကိုယ်ရှိနေတဲ့ နေရာမှာလည်း ကိုယ့်ကို လုံခြုံမှု‌ပေးနိုင်မယ့် နေရာဟာ ဘယ်မှာလဲဆိုတာကိုပါ တစ်ဆက်တည်း ရှာထားဖို့ လိုအပ်ပါတယ်။ မမြင်ရတဲ့ အန္တရာယ်ဟာ အချိန်မရွေးပေါ်ပေါက်လာနိုင်တဲ့အတွက် သွားရင်းလာရင်းနဲ့လည်း ကိုယ့်အတွက် လုံခြုံမယ့်နေရာကို ရှာထားဖို့ လိုပါတယ်။ 

၇။ လွတ်လပ်ပေါ့ပါးစွာဝတ်ဆင်ပါ။  

အရေးအကြောင်းကြုံလို့ ပြေးလွှားဖို့ လိုအပ်လာပြီဆိုရင် ကိုယ်ဝတ်ဆင်ထားတာတွေက ကိုယ့်လမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေတာမျိုး မဖြစ်သင့်ပါဘူး။ ဒါ့ကြောင့်မို့ အပြင်သွားလာတဲ့အခါမျိုး၊ အလုပ်သွားလာတဲ့ အခါမျိုးမှာ လွတ်လပ်ပေါ့ပါးတဲ့ အဝတ်အစားကိုသာ ဝတ်ဆင်ဖို့ အကြံပေးချင်ပါတယ်။ ကိုယ့်ယူနီဖောင်းက သွားလာလှုပ်ရှားရတာ အဆင်မပြေစေတဲ့ အဝတ်အစားမျိုးဖြစ်နေခဲ့မယ်ဆိုရင်လည်း ရုံးနဲ့ ညှိနှိုင်းပြီး အဆင်ပြေစေမယ့် အဝတ်အစားဝတ်ခွင့်ပြုဖို့ တောင်းဆိုသင့်ပါတယ်။

၈။ အလုပ်ချိန်ကို ရုံးနဲ့ ညှိနှိုင်းပါ 

ဒီလိုကာလမှာ လူစုလူဝေးရှောင်ကြဉ်ဖို့ သတိပေးထားပေမယ့်လည်း တကယ်တမ်း ရုံးတက်ရုံးဆင်းချိန်ဟာ လူစုလူဝေးဖြစ်စေမှာ ကျိန်းသေပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ ရုံးနဲ့ ညှိနှိုင်းပြီး အလုပ်တက်ချိန် စောတက် တာ ၊ အလုပ်ဆင်းချိန် စောဆင်းတာ စသဖြင့် အချိန်ကို ညှိနှိုင်းပြီး ရုံးတက်ရုံးဆင်း ပြုလုပ်သင့်ပါတယ်။ 

၉။ ဝန်ထမ်းကဒ်ဆောင်ထားပါ

ဒီကာလမှာ ကိုယ်က ဘယ်အလုပ်ရုံ၊ ဘယ်ကုမ္ပဏီက ဝန်ထမ်းလဲဆိုတာကို သက်သေပြနိုင်ဖို့အတွက် ဝန်ထမ်းကဒ်ဆောင်ထားတာက အကောင်းဆုံးပါပဲ။ ဝန်ထမ်းကဒ်က ဒီလို အကြပ်အတည်းကာလမှာ ကိုယ့်ကို သံသယကင်းစေမယ့်၊ အန္တရာယ်ကင်းစေမယ့် အဆောင်တစ်ခုအနေနဲ့ ရှိထားဖို့ လိုပါတယ်။

ရုံးတွေက ဘာတွေ စီစဥ်ပေးသင့်လဲ

AMARA Consulting တည်ထောင်သူ ဦးမင်းခေါင်က ရုံးတွေကလည်း စီစဉ်ပေးသင့်ကြောင်း ပြောလာပါတယ်။ 

“ရုံးကတော့ ဒီကာလမှာ ဖယ်ရီစီစဉ်ပေးတာတော့ အကောင်းဆုံးပဲလို့ ကျွန်တော်မြင်တယ်။ ကိုဗစ်အတွက်ရော violence အတွက်ရောပေါ့။ ကားမောင်းတဲ့နေရာမှာလည်း ကျွမ်းကျင်သူကို ခန့်ထားသင့်တယ်။ လမ်းကြောင်းတွေကို ကောင်းကောင်းနားလည်တဲ့သူကို မောင်းခိုင်းသင့်တယ်။ ကားပိတ်လာတဲ့အခါမျိုး ၊ တစ်ခုခုကြုံလာတဲ့ အခါမျိုးမှာ လမ်းကြောင်းပြောင်းပြီး ပါးပါးနပ်နပ် မောင်းနှင်နိုင်တဲ့သူမျိုးပေါ့။ နောက်တစ်ခုကတော့ ဝန်ထမ်းတွေကို ယူနီဖောင်း အရမ်းမကြပ်ထားသင့်ဘူး။ အရေးအကြောင်းဆို လှုပ်ရရှားရလွယ်မယ့် အဝတ်အစားတွေကို ဝတ်ဆင်စေသင့်တယ်။

ဖြစ်နိုင်ရင်တော့ ဝန်ထမ်းတွေကို work from home သွားတာတော့ အကောင်းဆုံးပဲ။ ရုံးမီတင်ကို zoom နဲ့ ထိုင်မယ်။ တချို့အလုပ်တွေကတော့ ရုံးတက်မှ ရတာတွေဆိုရင်တော့ အလှည့်နဲ့ ဆင်းခိုင်းတာမျိုး၊ ရုံးတက်ရုံးဆင်းချိန်ကို အဆင်ပြေအောင် လုပ်ပေးတာမျိုး လုပ်သင့်တယ်။” တေွွ က

Share

Loading Next Article...
က္က