ပိုလန်နဲ့ပွဲမှာ ပြင်သစ်အတွက် ဦးဆောင်ဂိုးကို အိုလီဗာဂီရော့ဒ်က လှလှပပကန်သွင်းယူပေးခဲ့ပါတယ်။ ဂီရော့ဒ်ရဲ့ သွင်းဂိုးအတွက် အာဆင်နယ်မှာ သူနဲ့ အသင်းဖော်တွေဖြစ်ခဲ့ဖူးတဲ့ ကွင်းလယ်လူအိုဇေးလ်ကလည်း ကျေနပ်ပျော်ရွှင်နေခဲ့ပါတယ်။ အိုဇေးလ်ကတော့ ၂၀၂၁ ဇန်နဝါရီမှာ အာဆင်နယ်ကနေ ထွက်ခွာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကွင်းလယ်ဖန်တီးရှင်တဦးအဖြစ်နဲ့ နာမည်ကျော်ခဲ့ပါတယ်။
မနေ့က ဂီရော့ဒ်ရဲ့ သွင်းဂိုးရအပြီးမှာတော့ အိုဇေးလ်က သူ့ရဲ့ လူမှုကွန်ရက်အကောင့်မှာ "အရမ်းမိုက်တဲ့ဂိုး၊ မင်းကို ဘယ်သူ သင်ပေးတာလဲ" ဆိုတဲ့စကားနဲ့အတူ ရယ်မောနေတဲ့ အီမိုဂျီလေးတွေနဲ့ ရေးသားပြောဆိုခဲ့ပါတယ်။ ဂီရော့ဒ်ဂိုးသွင်းယူခဲ့တဲ့ ပုံစံဟာ အိုဇေးလ်ရဲ့ နာမည်ကျော်ဂိုးသွင်းဟန်နဲ့ တူညီနေခဲ့တာဖြစ်လို့လည်း ဂျာမနီကွင်းလယ်လူဟောင်းက အသင်းဖော်ဟောင်းကို ချီးကျူးရင်း နောက်ပြောင်ခဲ့တာလည်းဖြစ်ပါတယ်။
အိုဇေးလ်ဟာ လီဗာပူးလ်နဲ့ကစားခဲ့တဲ့ ပွဲတပွဲမှာ လီဗာပူးလ်ဂိုးသမား မစ်ဂ်နိုလက်အပေါ်ကနေ ဘောလုံးကို အသာလေး မ တင်ပြီး ဂိုးကန်သွင်းယူဖူးပါတယ်။ အဆိုပါဂိုးက သူ့ရဲ့ အကောင်းဆုံးဂိုးတွေထဲက တဂိုးဖြစ်ခဲ့ပါတယ်။ Goal နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ သူ့ရဲ့ trademark ဂိုးသွင်းဟန်နဲ့ပတ်သက်ပြီး အိုဇေးလ်က "ကစားသမားတယောက်က အမြဲတမ်းကြိုးစားပြီး အသစ်တွေရှာဖွေနေတာပါ"
"အခု ဒီဂိုးသွင်းဟန်ကလည်း ကျနော်ကွင်းထဲမှာ လုပ်ချင်တဲ့အရာဖြစ်ပြီး အခု အလုပ်ဖြစ်တာကို မြင်ခဲ့ရပါတယ်၊ ဒီနည်းစနစ်နဲ့ ဘောလုံးကို ပိုပြီးထိချက်ပြင်းပြင်းကန်တဲ့အခါမှာ ပိုမြန်ပြီးတော့ ရပ်တန့်နိုင်ဖို့ ပိုခက်သွားပါတယ်" လို့ ပြောဆိုခဲ့ဖူးပါတယ်။ ဂီရော့ဒ်ကတော့ အဆိုပါသွင်းဂိုးရရှိခဲ့လို့ ပြင်သစ်ရဲ့ ထာ၀ရဂိုးသွင်းအများဆုံးကစားသမားအဖြစ် အွန်နရီကို ကျော်ဖြတ်ပြီး ရပ်တည်နိုင်ခဲ့ပါပြီ။