ချဲလ်ဆီးတို့ အက်ဖ်အေဖလားဗိုလ်လုပွဲတက်ရောက်ခဲ့တာပါ။

ချဲလ်ဆီးက ဒီပွဲမှာ တောက်လျှောက်ပွဲပန်းလာတဲ့ သီယာဂိုဆေးလ်ဗား၊ ကန်တေတို့ကို အနားပေးပြီး နောက်တန်းမှာ ခရစ္စတန်ဆန်၊ ရီစီဂျိမ်းစ်၊ ရူဒီဂါတို့ကို အထိုင်ချခဲ့ပါတယ်။ ကွင်းလယ်မှာ ဂျော်ဂျင်ဟို၊ ကိုဗာဆစ်နဲ့အတူ အလွန်ဆို၊ အက်ဇ်ပီလီကွီတာ၊ တိုက်စစ်မှာ ဟာဗက်ဇ်၊ မေဆင်မောင့်၊ ဗာနာတို့ ပွဲထွက်ခဲ့ကြပါတယ်။ ဂိုးသမားနေရာမှာ မန်ဒီ ပါဝင်ခဲ့ပါတယ်။



ဂယ်လာဂါမပါတဲ့ ခရစ္စတယ်ပဲလေ့စ်က ကွင်းလယ်မှာ မက်အာသာ၊ ကူယာတေး၊ ရှလပ်တို့ပွဲထွက်ခဲ့ပါတယ်။ ဂိုးသမားနေရာမှာ ဘတ်လန်းနဲ့အတူ ကျန်တဲ့နေရာတွေမှာတော့ အပြောင်းအလဲအများကြီးမရှိပါဘူး။ ဒီပွဲမှာ ချဲလ်ဆီးကွင်းလယ်က ခရစ္စတယ်ပဲလေ့စ် ကွင်းလယ်ကို အသာစီးရဖို့ ခက်ခဲခဲ့ပါတယ်။

ကိုဗာဆစ် စောစောစီးစီး နာသွားတာကြောင့်လည်း လော့ဖ်တပ်ချိခ်နဲ့ လူစားလဲခဲ့ရပြီး ဇာဟာ၊ မာတေတာ၊ အီဇီတို့ရဲ့ တန်ပြန်တိုက်စစ်လမ်းကြောင်းတွေကိုလည်း ပေါ့လျော့လို့မရခဲ့ပါဘူး။ နှစ်သင်းလုံး ပထမပိုင်းမှာ အခွင့်အရေးတွေ သိပ်မရခဲ့ဘဲ ခရစ္စတယ်ပဲလေ့စ်ဘက်က တလုံးတည်းသော ဂိုးပေါက်ကန်ချက်ကိုလည်း မန်ဒီလက်စွမ်းပြခဲ့တာကြောင့် ချဲလ်ဆီးတို့ သက်သာရာရခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးက ဦးဆောင်ဂိုးရဖို့ ဆက်တိုက် တိုက်စစ်ဆင်ခဲ့ပါတယ်။ ဒါပေမယ့် ခရစ္စတယ်ပဲလေ့စ်နောက်တန်းရဲ့ စနစ်ကျမှုကြောင့်လည်း ချဲလ်ဆီးတို့ ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ ရချင်းရတော့လည်း နောက်တန်းအမှားကနေပဲ ချဲလ်ဆီးတို့ ဂိုးရခဲ့တာပါ။

ဟာဗက်ဇ်ဂိုးရှေ့ခင်းပေးတဲ့ဘောလုံးက ပြန်ထွက်လာတာကို လော့ဖ်တပ်ချိခ်က အပြင်းကန်ပြီး ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် ခရစ္စတယ်ပဲလေ့စ်က ဂိုးပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။ အဲ့ဒီနောက်မှာ ချဲလ်ဆီးတို့ အနိုင်သေချာစေမယ့် ဂိုးတဂိုးကို ထပ်မံရရှိခဲ့ပါတယ်။

ဗာနာဖန်တီးပေးတာကတဆင့် မေဆင်မောင့်က ဧရိယာထဲတိုးဝင်ပြီး ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ထဲကို ကန်သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ခရစ္စတယ်ပဲလေ့စ်က ဂျော်ဒန်အယူး၊ ဘန်တီကီတို့ကိုထည့်ပြီး တိုက်စစ်မြှင့်ခဲ့သလို ချဲလ်ဆီးကလည်း လူကာကူ၊ ကန်တေ၊ ဇီယက်ချ်တို့ ဝင်ကစားခဲ့ပါတယ်။

ပွဲပြီးခါနီးမှာ ချဲလ်ဆီးတို့ ဂိုးရနိုင်တဲ့ အခွင့်အရေးတွေရှိခဲ့ပေမယ့် အသုံးမချခဲ့နိုင်တာကြောင့် နှစ်ဂိုးပြတ်နဲ့ပဲ အနိုင်ရရှိကာ အက်ဖ်အေဖလားဗိုလ်လုပွဲတက်ရောက်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာတော့ ချဲလ်ဆီးက မန်စီးတီးကို အနိုင်ယူလာတဲ့ လီဗာပူးနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က