ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက လက်ရှိ အသင်းရဲ့ လူစာရင်းနဲ့ပဲ ချန်ပီယံလိဂ်ဖလားကို နောက်ထပ်တစ်ကြိမ် ထပ်မံရယူနိုင်ကြောင်း ဆီမီးဖိုင်နယ်ရှုံးပွဲအပြီး ပြောကြားခဲ့ပါတယ်။ မနေ့ညက မန်စီးတီးကို ရီးရဲလ်မက်ဒရစ်တို့ အဝေးကွင်းမှာ ဘယ်လိုမှ မယှဥ်နိုင်ခဲ့ဘဲ လေးဂိုးပြတ်အထိ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
ဒီနှစ်သင်းဟာ နှစ်ရာသီဆက်တိုက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်မှာ ထိပ်တိုက်တွေ့ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ရီးရဲလ်မက်ဒရစ်တို့ အနိုင်ရခဲ့ပေမယ့် ဒီရာသီမှာတော့ မန်စီးတီးက ရှုံးကြွေး ပြန်ဆပ်သွားခဲ့တာလည်း ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ အန်ဆယ်လော့တီက “မန်စီးတီးက ပိုကောင်းတဲ့ အသင်းတစ်သင်းဖြစ်ပြီး အနိုင်ရဖို့ ထိုက်တန်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အသင်းရဲ့ လူစာရင်းနဲ့ ပတ်သက်ပြီးတော့လည်း အန်ဆယ်လော့တီက “ဒီလူစာရင်းက ပြီးခဲ့တဲ့ ရာသီမှာ ပုံစံကောင်းပြနိုင်ခဲ့ပါတယ်။ သူတို့ လာမယ့်ရာသီမှာလည်း ပိုကောင်းလာဦးမယ်လို့တောင် ကျွန်တော်ထင်ပါတယ်။ ဒီလူစာရင်းနဲ့ပဲ ပြီးခဲ့တဲ့နှစ်က မန်စီးတီးကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ အနိုင်ယူခဲ့တာကို သတိရကြပါဦး”
“ဒီကစားသမား၊ ဒီအစုအဖွဲ့က ပြီးခဲ့တဲ့ရာသီကလိုမျိုး ချန်ပီယံလိဂ်ဖလားကို နောက်တစ်ကြိမ် ဆွတ်ခူးနိုင်သေးတာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီပွဲမှာ အန်ဆယ်လော့တီက ပထမအကျော့မှာ ခြေစွမ်းပြခဲ့တဲ့ ရူဒီဂါကို အရန်ခုံပြန်ပို့ပြီး ပွဲပယ်ပြစ်ဒဏ်ကနေ လွတ်မြောက်လာတဲ့ မီလီတာအိုကို ထည့်သွင်း အသုံးပြုခဲ့ပါတယ်။
ပထမအကျော့မှာ ရူဒီဂါရဲ့ ထိန်းချုပ်မှုကြောင့် လှုပ်မရခဲ့တဲ့ ဟာလန်းက ဒီပွဲမှာတော့ အပိုင်အခွင့်အရေးတွေရရှိခဲ့ပြီး ဂိုးသမား ကော်တွိုက်စ် လက်စွမ်းပြခဲ့လို့သာ ရီးရဲလ်မက်ဒရစ်တို့ အခုထက် ပိုပြီး ဂိုးပြတ်မရှုံးခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး အန်ဆယ်လော့တီရဲ့ အပြောင်းအလဲကိုလည်း ယူနိုက်တက်ဂန္တဝင်ဟောင်းကြီး ဖာဒီနန်က ဝေဖန်ပြောကြားခဲ့ပါသေးတယ်။