ချဲလ်ဆီးဟာ မနေ့ညက ကစားခဲ့တဲ့ ဆဲလ်ဘာ့ဂ်နဲ့ ချန်ပီယံလိဂ်အုပ်စု အဝေးကွင်းပွဲစဥ်မှာ ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးတို့ ပထမပိုင်းမှာ ကိုဗာဆစ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ ပြိုင်ဘက် ကစားသမား အဒူမူရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရပါတယ်။
ဒါပေမယ့် ချဲလ်ဆီးအတွက် အနိုင်ဂိုးကို ကိုင်ဟာဗက်ဇ်က ဧရိယာအပြင်ဘက်ကနေ လှလှပပ ကန်သွင်းပြီး ချဲလ်ဆီးကို နိုင်ပွဲရရှိစေခဲ့ပါတယ်။ ချဲလ်ဆီးဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့်နှစ်ပွဲမှာ ရမှတ်တမှတ်သာရရှိခဲ့ပေမယ့် လက်ရှိ အုပ်စုပွဲစဥ်တပွဲ ကစားဖို့ ကျန်ရှိနေချိန်မှာတင် နောက်တဆင့်ကို တက်ရောက်ဖို့ သေချာသွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ အုပ်စု ငါးပွဲ ကစားပြီးချိန်မှာ ရမှတ် (၁၀) မှတ် ရရှိထားပါတယ်။
ဒါ့အပြင် ဂရေဟမ်ပေါ်တာအတွက်လည်း မှတ်ကျောက်တင်စရာ စွမ်းဆောင်ရည်တခုကို ဒီပွဲမှာပဲရရှိခဲ့ပါတယ်။ ပေါ်တာဟာ (၂၀၁၂) ဒီမက်တီယိုနောက်ပိုင်း ချဲလ်ဆီးနဲ့အတူ ပထမဆုံး ချန်ပီယံလိဂ် လေးပွဲဆက်တိုက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ပထမဆုံးနည်းပြဖြစ်လာပါတယ်။ ပေါ်တာဟာ ဆဲလ်ဘာ့ဂ်နဲ့နှစ်ကျော့၊ အေစီမီလန်နဲ့ နှစ်ကျော့တို့မှာ ဆဲလ်ဘာ့ဂ်ကို အိမ်ကွင်းမှာသာ သရေကျခဲ့ပြီး ကျန်သုံးပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။
ဒီမက်တီယိုခေတ်တုန်းကလည်း ချဲလ်ဆီးတို့ မထင်မှတ်တဲ့ ယာယီနည်းပြအနေအထားကနေ ဘိုင်ယန်မြူးနစ်ကိုပါ အနိုင်ယူကာ ချန်ပီယံလိဂ်ဆုဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ပြီး လက်ရှိ ပေါ်တာရဲ့ စွမ်းဆောင်ရည်နဲ့ တိုက်ဆိုင်မှုကလည်း ပရိသတ်တွေအတွက် မျှော်လင့်ချင်စရာဖြစ်လာပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအနေနဲ့ နောက်အဆင့်တွေမှာ ရလဒ်ကောင်းရဖို့ တိုက်စစ်ပိုင်းက ပိုမိုတိုးတက်ဖို့ လိုအပ်နေပါသေးတယ်။
ချဲလ်ဆီးဟာ မထင်မရှားနည်းပြတွေ လက်ထဲရောက်သွားခဲ့ရင် ချန်ပီယံလိဂ်မှာ စန်းထလေ့ရှိပြီး အေဗရမ်ဂရန့်လက်ထက်မှာလည်း မထင်မှတ်ဘဲနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ဖူးပါတယ်။ ချဲလ်ဆီးတို့ ချန်ပီယံလိဂ်ဖလားကို နောက်ဆုံးအကြိမ် ဆွတ်ခူးခဲ့တာကတော့ (၂၀၂၁) ကဖြစ်ပြီး အဲ့ဒီအချိန်တုန်းက ချဲလ်ဆီးကို ပေါ်တာမတိုင်ခင် ယခင်နည်းပြဟောင်း သောမတ်စ်တူဟယ်လ်က ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။