(၆၈)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားမှာပြောကြားခဲ့တာပါ။

ပြည်သူလူထုရဲ့အခွင့်အရေးတွေကိုပြည့်ပြည့်ဝဝ ကာကွယ်ပေးချင်လို့ ဒီမိုကရေစီနိုင်ငံကိုထူထောင်ချင်တာလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့လွိုင်ကော်မြို့မှာ ကျင်းပပြုလုပ်တဲ့ (၆၈)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားမှာပြောကြားခဲ့ပါတယ်။

photo- Myanmar State Counsellor Office

ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်ဖို့ဆိုရင် လူတိုင်းက ကိုယ့်အခွင့်အရေး ကိုယ်ကာကွယ်ရသလို ဒီမိုကရေစီစနစ်မှာလည်း လူတိုင်းလူတိုင်းက နိုင်ငံ့ရဲ့အခွင့်အရေးကိုကာကွယ်ဖို့တာဝန်ရှိတယ်လို့ အတိုင်ပင်ပင်ခံပုဂ္ဂိုလ်ကဆိုပါတယ်။

“ ကျွန်မတို့ဟာ တကယ်ပဲ ဒီနိုင်ငံကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်စေချင်တယ်ဆိုရင် တစ်လုံးချင်း တစ်လုံးချင်း ကျွန်မတို့စဉ်းစားဖို့လိုတယ်။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆိုတာ ဘာကိုဆိုလိုတာလဲ၊ ဘာတွေကိုဦးတည်ပြီးရည်ရွယ်တာလဲဆိုတာကို စဉ်းစားစေချင်ပါတယ်။ ဒီမိုကရေစီဆိုတာ အခုအင်မတန်မှ ခေတ်စားနေတဲ့ ဝေါဟာရတစ်ခုဖြစ်ပါတယ်။ နိုင်ငံရေးအရတိတိကျကျပြောရရင် ဒီမိုကရေစီဆိုတာ ပြည်သူ့အစိုးရပေါ့။ ပြည်သူကနေ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတွေကို ဒီမိုကရေစီအစိုးရလို့ခေါ်တယ်။ ကျွန်မတို့က ဒီမိုကရေစီကို ဦးတည်တယ်။ ပြည်သူလူထုရဲ့အခွင့်အရေးတွေကို ပြည့်ပြည့်ဝဝ ကာကွယ်ပေးချင်လို့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ထူထောင်ချင်တာ” လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က (၆၈)နှစ်မြောက်ကယားပြည်နယ်နေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားရင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

photo- Myanmar State Counsellor Office

အစိုးရကအထူးသဖြင့် ကျန်းမာရေး၊ ပညာရေးကို အလေးထားပြီးတော့ဆောက်ရွက်နေပြီး ဒီလိုဆောင်ရွက်တာကလည်း ပြည်သူတွေရဲ့ အရည်အချင်းကို မြှင့်တင်ပေးဖို့လို့ဆိုပါတယ်။

ကယားပြည်နယ်မှာဆိုရင် အပစ်အခတ်ရပ်စဲပြီးတဲ့ အချိန်ကာလနဲ့ အပစ်အခတ်မရပ်စဲခဲ့တဲ့ အချိန်ကြားမှာ ဘယ်လိုတွေကွာခြားမှုရှိလဲဆိုတာ ပြည်နယ်သူ၊ ပြည်နယ်သားတွေအားလုံးအသိဖြစ်သလိုအပစ်အခတ်ရပ်စဲမှ ငြိမ်းချမ်းမှာ ဖြစ်လို့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲဖို့လိုတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က