စနေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာတော့ ဘရိုက်တန်က အာဆင်နယ်ကို အနိုင်ယူပြီး ၂၀၂၀ အတွင်း ပထမဆုံးနိုင်ပွဲကို ရှာတွေ့သွားခဲ့ပါတယ်။ လက်စတာကလည်း ဝက်ဖို့ဒ်ကွင်းမှာဆိုရင် အနိုင်မရတဲ့ စံချိန်ကို ဆက်ထိန်းသွားခဲ့ပြီး နောက်ဆုံးမိနစ်သွင်းဂိုးတွေကြောင့် စိတ်လှုပ်ရှားစရာပွဲတွေဖြစ်ခဲ့ပါတယ်။ ဒီနေ့ည ကစားမယ့် ပရီးမီးယားလိဂ်ပွဲတွေမှာလည်း ဘယ်လိုမှတ်တမ်းတွေဖြစ်လာမလဲ၊ ဘာတွေထွက်ပေါ်လာဖို့ရှိလဲဆိုတာကို ကြည့်လိုက်ရအောင်။
နယူးကာဆယ် - ရှက်ဖီး
ဒီပွဲမှာတော့ ထူးထူးခြားခြားပြောစရာအဖြစ် ရှက်ဖီးဟာ ၁၀ နှစ်ကြာမြင့်ပြီးတော့မှ နယူးကာဆယ်ကွင်းကို အဝေးကွင်းအဖြစ် လာကစားရတယ်ဆိုတာပါပဲ။ နောက်ဆုံးအကြိမ်အဖြစ် ကစားခဲ့တာက ၂၀၁၀၊ ဧပြီလအတွင်းကဖြစ်ပြီးတော့ ၂-၁ နဲ့ သူတို့က အရေးနိမ့်ခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ နယူးကာဆယ်ရဲ့ အိမ်ကွင်း ၄ပွဲစလုံးကိုလည်း အိမ်ရှင်ကပဲ အနိုင်ရထားခဲ့ပါတယ်။ ရှက်ဖီးအနေနဲ့ ဒီစံချိန်ဆိုးကို ချေဖျက်နိုင်မလား စောင့်ကြည့်ရဖို့ ရှိပါတယ်။
ဗီလာ - ချယ်လ်ဆီး
- ချယ်လ်ဆီးတိုက်စစ်မှူးဂီရော့ဒ်ဟာ အာဆင်နယ်ကစားသမားဘဝနဲပ ဗီလာကို ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံးခြောက်ပွဲစလုံးမှာ ဂိုးသွင်းထားနိုင်ခဲ့ပါတယ်။ စုစုပေါင်း ၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပြီး ချယ်လ်ဆီးတိုက်စစ်မှူးအဖြစ်နဲ့ သူ ဂိုးသွင်းယူနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ လမ်းပတ်လက်ထက်မှာ နေရာမရလို့ အသင်းကထွက်ခွာဖို့ ရှိခဲ့တဲ့ ဂီရော့ဒ်က အခုဆိုရင် စာချုပ်သစ်ချုပ်ဆိုထားပြီးဖြစ်လို့ စိတ်ရှင်းရှင်းနဲ့ ကစားရမှာကလည်း အားသာချက်အဖြစ်ရှိနေမှာပါ။ သူ ပွဲထွက်ခွင့်ရခဲ့မယ်ဆိုရင် ဗီလာကို ၇ ပွဲဆက် ဂိုးသွင်းနိုင်ဖို့ အားထုတ်လာပါလိမ့်မယ်။
- ဗီလာနည်းပြဒင်းစမစ်ဟာ နည်းပြဘဝမှာ ချယ်လ်ဆီးနဲ့ ၃ကြိမ်တွေ့ဆုံဖူးထားပြီး ၃ကြိမ်စလုံး အရေးနိမ့်ထားခဲ့ပါတယ်။ ဒီပွဲကို အနိုင်ရမယ်ဆိုရင်တော့ သူ့အတွက် ချယ်လ်ဆီးကို ပထမဆုံးအနိုင်ရတာဖြစ်လာမှာပါ။
အဲဗာတန် - လီဗာပူးလ်
- ဒီပွဲမှာတော့ အချက်အလက်အားဖြင့် ထူးခြားမှုတွေအများကြီးရှိနေပါတယ်။ အဲဗာတန်ဟာ ၂၀၁၀ အောက်တိုဘာလအတွင်းက လီဗာပူးလ်ကို ၂-၀ နဲ့ အနိုင်ယူပြီးနောက် ၁၈ ပွဲအထိ လီဗာပူးလ်ကို အနိုင်မရခဲ့တော့ပါဘူး။ ဒါ့အပြင် နောက်ဆုံးတွေ့ဆုံခဲ့တဲ့ အိမ်ကွင်းသုံးပွဲဆက်တိုက် လီဗာပူးလ်ကို ဂိုးမသွင်းနိုင်ခဲ့ဘဲ ဂိုးကန်သွင်းခွင့်ကလည်း ၁၉ ကြိမ်သာပြုလုပ်ထားနိုင်ခဲ့ပါတယ်။
- နောက်ထပ်တစ်ချက်ကတော့ ဂွတ်ဒီဆင်ပါ့ခ်မှာ တွေ့ဆုံခဲ့တဲ့ သူတို့နှစ်သင်းရဲ့ နောက်ဆုံး ၇ ပွဲမှာ ၆ ပွဲက သရေနဲ့ အဆုံးသတ်ခဲ့တာပါ။ ၂၀၁၆ ဒီဇင်ဘာလက ကစားခဲ့တဲ့ ပွဲမှာပဲ လီဗာပူးလ်က ၁-၀ နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အနေနဲ့ ဒီပွဲကို အနိုင်ရခဲ့မယ်ဆိုရင် နောက်ထပ်တစ်ပွဲအနိုင်ရတာနဲ့ ချန်ပီယံဖြစ်တော့မှာပါ။ ဒီလိုဖြစ်ခွင့်ကို အဲဗာတန်က လွယ်လွယ်နဲ့တော့ ပေးမှာမဟုတ်ပါဘူး။ အိမ်ကွင်းမှာ အမုန်းတီးဆုံးပြိုင်ဘက်ကို အစွမ်းကုန်ရင်ဆိုင်ပါလိမ့်မယ်။
- လီဗာပူးလ်က အဲဗာတန်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၂၁ပွဲဆက်တိုက် ရှုံးပွဲမရှိထားခဲ့ပါဘူး။ ဒီမှတ်တမ်းအရရော၊ အစဉ်အလာအရရော သူတို့က သိသိသာသာအသာစီးရနေတယ်ဆိုတာ ထင်ရှားပါတယ်။ အဲဗာတန်က ဒီမှတ်တမ်းဆိုးကို ချေဖျက်နိုင်မလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပြီး အန်ဆယ်လော့တီက ကလော့ပ်ကို ဘယ်လောက်ထိ ဒုက္ခပေးနိုင်မလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။