ဆွန်ဟောင်မင်အနေနဲ့ ဒီနေ့ကစားမယ့် နော်ဝှစ်ချ်နဲ့ပွဲမှာ အသင်းပင်နယ်တီရခဲ့မယ်ဆိုရင်လည်း ကန်ခွင့်ရမှာမဟုတ်ဘူးလို့ စပါးနည်းပြကွန်တီက ပြောဆိုလိုက်ပါတယ်။ ရွှေဖိနပ်ဆုအတွက် ဆွန်ဟောင်မင်ဟာ လီဗာပူးလ်တိုက်စစ်မှူးဆာလာနောက် တဂိုးအကွာနဲ့ရပ်တည်နေတာဖြစ်ပြီး ရွှေဖိနပ်ဆုရမယ့် ပထမဆုံးအာရှသားဖြစ်လာဖို့ မှတ်တမ်းရှိနေခဲ့တာပါ။
ဒါပေမယ့်လည်း ကွန်တီကတော့ ဆွန်ရဲ့ တဦးချင်းအောင်မြင်မှုထက် အသင်းလိုက်အကျိုးအမြတ်ရဖို့ကသာ ဦးစားပေးဖြစ်တယ်လို့ ဒီနေ့ပွဲမတိုင်ခင်မှာ ပြောဆိုခဲ့တာပါ။ ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ပွဲတွေမှာလည်း ပင်နယ်တီတွေ စပါးတို့ရခဲ့ပေမယ့် ဟယ်ရီကိန်းကပဲ ကန်သွင်းနေခဲ့တာဖြစ်ပြီး ရွှေဖိနပ်ဆုရမယ့် ဆွန်ကို ပေးကန်ခြင်းမရှိခဲ့ပါဘူး။
"အသင်းအတွက် အကျိုးရှိဖို့က အရေးကြီးပါတယ်၊ ဟယ်ရီကိန်းက ပင်နယ်တီကန်သွင်းမယ့် ကျနော်တို့ကစားသမားပါ၊ အခွင့်အရေးရလာခဲ့မယ်ဆိုရင် သူ ကန်သွင်းမှာာပါ၊ ပြီးတော့ ဆွန်နီကိုလည်း ကျနော်သဘောကျပါတယ်၊ သူက ပင်နယ်တီကန်သွင်းခွင့်နေရာအတွက် ထိုက်တန်သူပါ၊ ဒါပေမယ့် အရင်ဦးဆုံးက အသင်းအတွက် အကျိုးအမြတ်ရှိဖို့ဆိုတာကို မမေ့သင့်ပါဘူး၊ တဦးချင်းပစ်မှတ်အတွက် မဟုတ်ပါဘူး"
"တဦးချင်းအတွက်ကတော့ နောက်မှလာတာပါ၊ အခြေအနေနှစ်ခုစလုံးအတွက် လိုက်လျောညီထွေဖြစ်နေရင် ကျနော် အရင်ဆုံးပျော်ရမှာပါ၊ ဒါပေမယ့် ဆွန်က တကယ်ထူးချွန်တဲ့သူဖြစ်တာမို့ လည်း ကျနော် အခုနည်းလမ်းကိုပဲ အသုံးပြုဖို့ စဉ်းစားလို့ရတာပါ၊ ကျနော့်အသင်းက လူ ရွှေဖိနပ်ဆုရမယ်ဆို ကျနော်အရင်ဆုံးပျော်တာပေါ့၊ ဒါပေမယ့် အဲဒီနှစ်ခုထဲက ဘယ်ဟာကိုရွေးမလဲဆိုရင် ဘယ်ဟာလဲ ခင်ဗျားသိမှာပါ၊ ဆွန်လည်း ဒါကိုသိပါတယ်၊ ဒါပေမယ့် ကျနော် အသင်းကို ဦးစားပေးရမယ့် တာဝန်ရှိပါတယ်" လို့ ကွန်တီက ပြောဆိုသွားခဲ့ပါတယ်။
ဒါကြောင့် ဆွန်ဟောင်မင်အနေနဲ့ ရွှေဖိနပ်ဆုရဖို့အတွက်ဆိုရင် ကိုယ်တိုင်ဂိုးသွင်းနိုင်ဖို့ကိုပဲ အားထုတ်ရတော့မှာဖြစ်ပါတယ်။ သူဟာ ဒီရာသီမှာ ပင်နယ်တီသွင်းဂိုးလုံး၀မသွင်းထားဘဲ ၂၁ ဂိုးအထိ ရရှိထားတာလည်းဖြစ်ပါတယ်။ ဆာလာကတော့ ပင်နယ်တီ ၅ ဂိုးအထိ ပါဝင်နေခဲ့တာပါ။