မန်ချက်စတာယူနိုက်တက်ကို အရေးနိမ့်ခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့ပွဲအပြီးမှာ ဘာစီလိုနာနည်းပြဇာဗီက အသင်းရဲ့ ကွင်းလယ်လူနှစ်ဦးဖြစ်တဲ့ ဂါဗီနဲ့ ပီဒရီကို သူတို့သတိရမိခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ အဆိုပါကစားသမားနှစ်ဦးကတော့ ယူနိုက်တက်နဲ့ပွဲကို ပွဲပယ်ပြစ်ဒဏ်၊ ဒဏ်ရာပြသနာတွေကြောင့် ပါဝင်နိုင်ခြင်းမရှိဘဲ ဇာဗီက သူအားကိုးရသူနှစ်ဦးကို လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။
သူတို့နှစ်ဦးမပါဝင်နိုင်တဲ့အတွက် ကွင်းလယ်ပိုင်းမှာ ဘာကာက အားနည်းသွားခဲ့ပြီး ယူနိုက်တက်က တိုက်စစ်မြှင့်ကစားခဲ့ချိန်၊ ခံစစ်ကိုအားပြုချိန်တွေမှာ အခွင့်အရေးဖန်းတီးနိုင်မှုတွေ၊ ပွဲကို အပြောင်းအလဲလုပ်နိုင်မှုတွေ နည်းပါးခဲ့ပါတယ်။ သူ့ရဲ့ ကစားသမားနှစ်ဦးသာ ပါမယ်ဆိုရင် ယူနိုက်တက်နဲ့ပွဲမှာ ရလဒ်ကောင်းမယ်လို့လည်း ဇာဗီက ယုံကြည်နေဟန်ရှိပါတယ်။
"ယူနိုက်တက်က အရမ်းကို ရုပ်ပိုင်းဆိုင်ရာသန်မာလွန်းတယ်၊ သူတို့ရဲ့ ပထမဂိုးက ကျနော်တို့ကို အများကြီးနာကျင်စေခဲ့တာပါ၊ ၀-၂ ဆိုတဲ့ အနေအထားကို ကျနော်တို့ လုပ်နိုင်ခဲ့ရမှာပါ၊ အခွင့်အရေးတချို့လည်းရခဲ့ပေမယ့် ကျနော်တို့ ဒီအားသာချက်ကိုမရယူနိုင်ခဲ့ဘူး၊ ဒီနေ့မှာ ဂါဗီနဲ့ ပီဒရီကို သတိရမိခဲ့တယ်၊ ယူနိုက်တက်က ဒီနေ့ ၂ ဂိုးသွင်းသွားခဲ့တယ်၊ ပထမအကျော့မှာလည်း ၂ ဂိုးသွင်းခဲ့တယ်"
"ပထမပိုင်းမှာဆိုရင် ကျနော်တို့ အရမ်းကောင်းခဲ့ပြီး ဒုတိယပိုင်းမှာတော့ ကျနော်တို့ မဟုတ်တော့ပါဘူး၊ ဒါက ဝမ်းနည်းစရာပါ၊ ပထမပိုင်းကတော့ အရမ်းကောင်းခဲ့ပါတယ်၊ ဒုတိယပိုင်းမှာ ဆိုးရွားခဲ့ပြီး စုစည်းမှုတွေ၊ စိတ်ရှည်မှုတွေပျောက်ဆုံးကုန်တယ်၊ အသေးစိတ်လေးတွေမှာ မှားယွင်းခဲ့လို့ ကျနော်တို့ ရှုံးနိမ့်ခဲ့တာပါ၊ ကိုယ့်အတွက်ကိုယ် ဂုဏ်ယူအောင်မလုပ်နိုင်ခဲ့ဘူး၊ ဒါပေမယ့် ကျနော်တို့ အရမ်းကောင်းတဲ့ ပြိုင်ဘက်ကို ယှဉ်ပြိုင်ခဲ့ရတာပါ" လို့ ဇာဗီက ပြောဆိုသွားခဲ့ပါတယ်။
ဘာကာကတော့ ယူရိုပါလိဂ်က ထွက်ခွာခဲ့ရပြီဖြစ်လို့ ပြည်တွင်းပွဲတွေကိုသာ ကစားရတော့မှာလည်းဖြစ်ပါတယ်။