ဒီနေ့ သြဂုတ်လ ၃၁ရက် မနက်၈နာရီမှာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက် မှာ ပါဝင်လာတဲ့ ကိုဗစ် ၁၉ အတည်ပြုလူနာအမှတ် (၇၇၆) က မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်၊ Air Thanlwin လေကြောင်းလိုင်းဝန်ထမ်းအိမ်ရာမှာ နေထိုင်ပြီး ယင်းလေကြောင်းလိုင်းရဲ့ ကုန်တင်ကုန်ချဝန်ထမ်း ဖြစ်တယ်လို့ သိရပါတယ် ။
စစ်တွေမြို့ကို ခရီးသွားရာဇဝင်ရှိသူဖြစ်ပြီး သြဂုတ်လ ၁၂ရက်နေ့က ရန်ကုန်ကိုပြန်လည် ရောက်ရှိလာကာ ၂၇ရက်နေ့အထိ ပုံမှန်အလုပ်ဆင်းနေဆဲဖြစ်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။
"သူက Air Thanlwin လေကြောင်းရဲ့ ကုန်တင်ကုန်ချဝန်ထမ်းပေါ့ ။ စစ်တွေက ၁၂ရက်နေ့က ပြန်လာတယ်။ ၂၇ရက်နေ့အထိ အလုပ်ဆင်းတယ်ပေါ့ ။ ပြီးမှ အလုပ်ကခွင့်ပေးပြီး နေအိမ်ကွာရန်တင်းနေထိုင်ရတယ် ။ ကျန်းမာရေးလည်းကောင်းတယ် ဘာလက္ခဏာမှတော့ မရှိဘူး ။ ဒါပေမဲ့ ဆေးစစ်ချက်ယူလိုက်တော့ positive တွေ့တာ ဖြစ်ပါတယ် '' လို့ မင်္ဂလာဒုံမြို့နယ် ၊ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁) ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက Duwun ကိုပြောပါတယ် ။
လူနာအမှတ်(၇၇၆) မှာ မိသားစုဝင်လေးဦးရှိပြီး ဇနီးနဲ့ အသက် ၁၈နှစ် ၊ ၁၃နှစ် ၊ ၇ နှစ်အရွယ် ကလေးသုံးဦးဖြစ်ပါတယ် ။ လက်ရှိမှာတော့ ပိုးတွေ့လူနာကို တောင်ဥက္ကလာပဆေးရုံကြီးကို ပို့ဆောင်လိုက်ပြီဖြစ်ပြီး မိသားစုဝင်လေးဦးကိုတော့ နေအိမ်မှာပဲ အသွားအလာကန့်သတ်ထား ရှိပြီး ဆေးစစ်ချက်ယူသွားမယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက Duwun ကိုပြောပါတယ်။
ယနေ့မနက်တွေ့ရှိတဲ့ လူနာ ၁၂ ဦးရှိပြီး ရန်ကုန် ၁ ဦးနဲ့ ရခိုင် ၁၁ ဦးတို့ဖြစ်ပါတယ်။ကျောက်ဖြူ မြို့မှာ ပိုးတွေ့ရှိသူ ၃ ဦးက အတည်ပြုလူနာများနဲ့ ထိတွေ့မှုရှိကြသူများဖြစ်ပြီး ရန်ကုန်တစ်ဦးနဲ့ ပုဏ္ဏားကျွန်းက ၄ ဦးမှာ ၁၄ ရက်အတွင်း ရခိုင်ပြည်နယ်အတွင်းသို့ သွားလာခဲ့တဲ့ ခရီးသွားရာဇဝင်ရှိသူများ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။