ဒီနေ့မနက်တွေ့ရှိခဲ့တဲ့ လူနာအမှတ် ၃၉၅က ၃၇၅နဲ့ထိတွေ့ခဲ့တဲ့ ဆရာဝန်တစ်ဦးဖြစ်ပြီး ၃၉၆က ကိုဗစ် ၁၉ ရောဂါပိုးရှိသူနဲ့ ထိတွေ့မှုမရှိခဲ့တဲ့ အထွေထွေအုပ်ချုပ်ရေးမှူရုံး ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ စစ်တွေမြို့နယ် ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒေါက်တာစိုးဝင်းပိုင်က Duwun ကို ပြောပါတယ်။
ယနေ့စစ်တွေမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်နေပုံ (ဓာတ်ပုံ-IRPD Sittwe)
အဆိုပါနှစ်ဦးနဲ့ ဆက်စပ်သူအရေအတွက် ၆၀ကျော်ရှိနေတာဖြစ်ပြီး ၎င်းတို့ကို နှာခေါင်းတို့ဖတ် ၊ အာခေါင်တို့ဖတ်ယူထားပြီး ယနေ့ညစစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။ “၃၉၅က ၃၇၅ဆေးခန်းပြတဲ့ဆရာဝန် ၊ သူ့မိသားစုနဲ့ ထိတွေ့တဲ့ ပတ်ဝန်းကျင်ကလူတွေအားလုံးပေါင်းက ၄၀ကျော်။ ၃၉၆က ထွေအုပ်ဝန်ထမ်း။ သူ့မိသားစုနဲ့ရုံးခန်းကလူတွေပေါင်းက ၁၇ယောက် ။ အားလုံးကို နှာခေါင်းတို့ဖတ် ၊ အာခေါင်တို့ဖတ်ယူပြီးပြီ။ ဒီနေ့ညစစ်ဆေးမယ် “ လို့ စစ်တွေမြို့နယ် ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က Duwun ကိုပြောပါတယ်။
မည်သည့်နေရာ မည်သူ့ဆီကနေ ကူးစက်မှန်းမသိရတဲ့ လူနာအမှတ် ၃၉၆ က စစ်တွေ့မြို့တွင်းကလွဲလို့ တခြားနေရာတွေကို သွားလာခဲ့ခြင်းမရှိဘူးလို့လည်း သိရပါတယ်။ သြဂုတ်လ ၁၆ ရက်နေ့က စတင်တွေ့ရှိခဲ့တဲ့ ပြည်တွင်းကူးစက်လူနာများဟာ ယနေ့သြဂုတ်လ ၂၀ ရက်နေ့အထိ ၅ ရက်အတွင်း ၆ ဦးတွေ့ရှိထားပြီဖြစ်ပြီး လူနာအမှတ် ၃၉၅ ကလွဲလို့ ကျန်လူနာ ၅ ဦးမှာ စတင်ကူးစက်တဲ့နေရာကို အတိအကျအသေချာ မသိရသေးပါဘူး။ မြန်မာနိုင်ငံမှာ သြဂုတ်လ ၂၀ ရက်နေ့ မနက် ၈ နာရီအထိ ကိုဗစ် ၁၉ အတည်ပြုလူနာ ၃၉၆ ဦး ရှိနေပြီဖြစ်ပြီး ပျောက်ကင်းသူ ၃၃၃ ဦးနဲ့ သေဆုံးသူ ၆ ဦး ရှိပါတယ်။