ချဲလ်ဆီးဟာ ဒီနေ့ညမှာ ပရီးမီးယားလိဂ်ပွဲစဥ်အဖြစ် နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး ဒီပွဲက တန်းဆင်းဇုန်တိုက်ပွဲအတွက်ပါ အရေးပါတဲ့ ပွဲတစ်ပွဲဖြစ်လာနိုင်ပါတယ်။ နော်တင်ဟမ်ဖောရက်စ်ဟာ လက်ရှိအချိန်မှာ တန်းမဆင်းရရေး တိုက်ပွဲဝင်နေတဲ့ အသင်းတစ်သင်းပါ။
လက်ရှိမှာ အဆိုပါအသင်းက အမှတ်ပေးဇယားရဲ့ အဆင့် (၁၆) နေရာမှာ ရမှတ် (၃၃) မှတ်နဲ့ ရပ်တည်နေပြီး လက်ရှိ ချဲလ်ဆီးနည်းပြ လမ်းပတ်ရဲ့ အသင်းဟောင်း အဲဗာတန်ထက် (၁) မှတ် အသာရရှိထားပါတယ်။ ဒါ့အပြင် နော်တင်ဟမ်ဖောရက်စ်အနေနဲ့ ဒီနေ့ပွဲမှာ ချဲလ်ဆီးကို အရေးနိမ့်ခဲ့ပြီး အောက်က လက်စတာ၊ လိဒ်စ်တို့ကသာ အနိုင်ရရှိခဲ့မယ်ဆိုရင် တန်းဆင်းဇုန်ထဲ ကျရောက်သွားနိုင်ပါတယ်။
လက်စတာကတော့ ဒီတစ်ပတ်မှာ အသင်းကြီးတစ်သင်းဖြစ်တဲ့ လီဗာပူးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး လိဒ်စ်ကတော့ နယူးကာဆယ်နဲ့ ရင်ဆိုင်ရမှာပါ။ ပရိသတ်တွေ၊ မီဒီယာတွေကတော့ ချဲလ်ဆီးနဲ့ နော်တင်ဟမ်ဖောရက်စ်ပွဲ ရလဒ်က အဲဗာတန်အတွက်ပါ အရေးကြီးတယ်လို့ ယူဆနေကြပြီး အဲဗာတန်ကတော့ ဒီတစ်ပတ်မှာ ချန်ပီယံပြေးလမ်းကြောင်းပေါ်က မန်စီးတီးနဲ့ ရင်ဆိုင်ရမှာပါ။
လမ်းပတ်ဟာ ပြီးခဲ့တဲ့အပတ်က ဘုန်းမောက်နဲ့ပွဲမှာ တစ်ကျော့ပြန် ချဲလ်ဆီးနည်းပြဘဝ ပထမဆုံးပွဲအတွက် နိုင်ပွဲကို စတင်ရရှိခဲ့တဲ့နောက် အသင်းကို တန်းမဆင်းနိုင်အောင် ကယ်တင်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ လမ်းပတ်ဟာ ပြီးခဲ့တဲ့ရာသီမှာလည်း အဲဗာတန်ကို တန်းဆင်းဇုန်ကနေ လွတ်မြောက်အောင် ကယ်တင်ပေးနိုင်ခဲ့ပါသေးတယ်။
အဲ့ဒါကြောင့်လည်း လမ်းပတ်တစ်ယောက် ဒီတစ်ပတ်မှာတော့ နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ယူပြီး အဲဗာတန်ကို ထပ်မံကယ်တင်ပေးဦးမလား မျှော်လင့်နေကြပါတယ်။ ဒါပေမယ့် လမ်းပတ်ကိုယ်တိုင်ကတော့ “အဲဗာတန်ရဲ့ ကံကြမ္မာက သူတို့လက်ထဲမှာပဲရှိပါတယ်။ ကျွန်တော် ဒီအပေါ်မှာ တကယ်ကို စိုးရိမ်စိတ် မရှိတာပါ။ ဒါပေမယ့် ကျွန်တော် တတ်နိုင်သလောက် သူတို့ကို အဝေးကနေ အားပေးနေဆဲပါ” လို့ ပြောကြားသွားခဲ့ပါတယ်။