ကိုပင်ဟေဂင်နည်းပြဖြစ်တဲ့ ဂျက်ကော့နီစထရပ်က ဒီနေ့ညမှာ ကစားရမယ့် မန်ချက်စတာယူနိုက်တက်နဲ့ပွဲကို အနိုင်ကစားသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ပထမအကျော့က အိုးထရက်ဖို့ဒ်မှာ ကိုပင်ဟေဂင်က ၁-၀ နဲ့ အရေးနိမ့်ခဲ့ပြီး သရေကျလုနီးပါးဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ကာ ပွဲချိန်နောက်ဆုံးမိနစ် ပင်နယ်တီကို အိုနာနာကာကွယ်နိုင်ခဲ့လို့သာ ရှုံးပွဲတွေ့သွားခဲ့တာပါ။
အိမ်ကွင်းမှာ ကစားရမယ့်ပွဲအတွက် နီစထရပ်က ယုံကြည်ချက်အပြည့်ရှိနေပြီး ယူနိုက်တက်အနေနဲ့ ပထမအကျော့ကလို ရလဒ်မျိုး မမျှော်လင့်ထားနဲ့လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ဒီပွဲကို မဖြစ်မနအေနိုင်ရဖို့ လိုအပ်နေတာဖြစ်ပြီး နောက်တဆင့်ကို တက်ရောက်ဖို့အတွက် အမှတ်လိုအပ်ချက်မြင့်မားနေဆဲဖြစ်ပါတယ်။
နီစထရပ်က "ပထမအကျော့တုန်းက ကျနော်တို့ ၁ဂိုးတည်းနဲ့ ရှုံးနိမ့်ခဲ့တာပါ၊ အိုးထရက်ဖို့ဒ်မှာ အကောင်းဆုံးကစားနိုင်ခဲ့တယ်၊ ဒါပေမယ့် ကျနော်တို့အိမ်ကွင်း ပါကန်မှာတော့ သူတို့ ဒီလိုမျှော်လင့်ထားလို့မရပါဘူး၊ သူတို့ကို အနိုင်ကစားသွားမှာပါ၊ အိုးထရက်ဖို့ဒ်နဲ့ ပါကန်က အများကြီးကွာခြားပါတယ်"
"ကျနော်တို့ ပရိသတ်တွေရဲ့ အားပေးမှုက သူတို့အိုးထရက်ဖို့ဒ်မှာ သူတို့ ပရိသတ်အားပေးတာနဲ့ဆိုရင် အဆ ၁၀၀ လောက် ကွာဟပါတယ်၊ ရိုးရိုးသားသားပြောရရင် ပရီးမီးယားလိဂ်ရဲ့ အထက်မှာတောင် ကျနော်တို့ရဲ့ အားပေးမှုစံနှုန်းက ရှိနေတာပါ"လို့ ပြောဆိုခဲ့ပါတယ်။
ဒီအုပ်စုမှာတော့ ဘိုင်ယန်က နောက်တဆင့်ကို တက်ရောက်ခဲ့ပြီဖြစ်ကာ ဒုတိယနေရာကို ဂါလာတာစာရေးနဲ့ မန်ချက်စတာယူနိုက်တက်တို့ အပြိုင်လုရမှာဖြစ်ပါတယ်။ ကိုပင်ဟေဂင်ကတော့ ယူရိုပါလိဂ်နေတရာအတွက် မျှော်လင့်ချက်ရှိနေဆဲဖြစ်ပါတယ်။