ဒီနေ့ကစားရမယ့် ထိုင်းနဲ့ ဆူဇူကီးဖလားဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မတိုင်ခင်မှာ ဗီယက်နမ်နည်းပြပတ်ဟန်ဆိုးက သူတို့အသင်းဟာ ပင်နယ်တီကန်သွင်းမှုတွေကိုပါ လေ့ကျင့်ပြင်ဆင်ထားတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါဟာ ပထမအကျော့မှာ ၂-၀ နဲ့ ထိုင်းကို အရေးနိမ့်ထားခဲ့ပေမယ့် ဒုတိယအကျော့မှာတော့ သူတို့ပြန်အနိုင်ရမယ်လို့ ပတ်ဟန်ဆိုးက ယုံကြည်နေတာလည်းဖြစ်ပါတယ်။
ပထမအကျော့မှာ ထိုင်းက ပင်နယ်တီမဝင်ခဲ့လို့သာ ၂-၀ နဲ့ ပွဲပြီးဆုံးခဲ့တာဖြစ်ပြီး ဗီယက်နမ်တို့ ၃ နှစ်အတွင်း ပထမဆုံးအကြိမ် အာဆီယံအသင်းတသင်းကို အရေးနိမ့်ခဲ့ရပါတယ်။ တောင်ကိုရီးယားလူမျိုးနည်းပြကတော့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကို ဝေဖန်ခဲ့ပြီး VAR စနစ် အသုံးပြုဖို့အတွက်ပါ ပြောဆိုခဲ့ပါတယ်။
ဒီနေ့ကစားရမယ့်ပွဲနဲ့ပတ်သက်ပြီး ပတ်ဟန်ဆိုးက "သူတို့ ဘယ်လိုကစားလာမလဲဆိုတာ ပြောရခက်ပါတယ်၊ သူတို့ခံစစ်ကိုအားပြုတာ၊ ဒါမှမဟုတ် ကစားသမားအပြောင်းအလဲ၊ ဒါမှမဟုတ် အသင်းပုံစံပြောင်းလဲတာတွေ ဖြစ်လာနိုင်ပါတယ်၊ ဘယ်လိုကစားမလဲ အတိအကျပြောဖို့ကခက်တယ်၊ ဒါပေမယ့် ကျနော်တို့ကတော့ အကောင်းဆုံးပြင်ဆင်ထားရမှာဖြစ်ပြီး ပင်နယ်တီအတွက်လည်း ပြင်ဆင်ထားဖို့လိုပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
ပထမအကျော့မှာ ထိုင်းအသင်းတာဝန်ရှိသူတဦးနဲ့ ပြသနာဖြစ်ပွားခဲ့တာကိုလည်း သူက "ပထမအကျော့အပြီးမှာ ထိုင်းက ဥမင်အတွင်းဝင်သွားခဲ့ပြီး သူတို့အားကစားဒါရိုက်တာဆီပဲ ကျနော်သွားခဲ့တာပါ၊ ပြီးတော့ သူ့ရဲ့အပြုအမူတွေကိုသွားမေးခဲ့တာလည်းဖြစ်ပါတယ်၊ ကျနော် နားလည်ပေးနိုင်ပါတယ်၊ အထူးသဖြင့် ဗီယက်နမ်ကို သူတို့မနိုင်တာ ၄ နှစ်ကျော်ပြီလေ၊ ဒါပေမယ့် ကိုယ့်အသင်းအကြောင်းပဲ ကိုယ်ပြောပါမယ်"
"ကျနော့်ကစားသမားတွေကို ပြိုင်ဘက်အသင်းနည်းပြတွေရဲ့ လုပ်ရပ်မျိုးတွေလုပ်ဖို့ ဘယ်တုန်းကမှ မသင်ပေးထားဘူး၊ ဒီပြသနာတွေဖြစ်ရတာလည်း ကွင်းလယ်ဒိုင်ကြောင့်ပါ၊ ပထမအကျော့ပွဲကို ကျနော် ကြိမ်ဖန်များစွာပြန်ကြည့်ပြီးပါပြီ၊ အရေးပါတဲ့နေရာတွေကိုပေါ့၊ သူ ဘယ်လိုတွေ ဆုံးဖြတ်ခဲ့လဲဆိုတာ ကျနော်နားမလည်ဘူး၊ ဒိုင်အနေနဲ့လည်း အချိန်ရှိမယ်ဆိုရင် တပွဲလုံးကိုပြန်ကြည့်ပြီး သူ့ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်သင့်ပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။