တရုတ်ဖိုက်တာ ဖန်ယောင်ကို ဒုတိယအချီမှာ အနိုင်ရရှိခဲ့ပြီးနောက် အောင်လအန်ဆန်က လာမယ့်ပွဲအဖြစ် မစ်ဒယ်ဝိတ်တန်းခါးပတ်လုပွဲဖြစ်လာဖို့ မျှော်လင့်ထားကြောင်း ပြောဆိုလိုက်ပါတယ်။ အောင်လဟာ ဖန်ယောင်ကို ဒုတိယအချီမှာ ချုပ်ကွက်နဲ့ အနိုင်ယူခဲ့တာဖြစ်ပြီး နောက်ဆုံးထိုးသတ်ခဲ့တဲ့ ၃ ပွဲစလုံးကို အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ အောင်လအန်ဆန်က သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် ပရိသတ်တွေနဲ့ တွေ့ဆုံစကားပြောဆိုခဲ့ပါတယ်။ ဒီလိုပြောဆိုခဲ့ရာမှာတော့ ဒီပွဲဟာ သူနဲ့ ONE Championship တို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်အရ နောက်ဆုံးပွဲစဉ်ဖြစ်ပြီး ဘယ်သွားရမလဲဆိုတာကို မသိသေးကြောင်းနဲ့ သူ့အတွက်တော့ ဖြစ်နိုင်ရင် championship ပွဲ ထိုးသတ်ချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
"အားလုံးချစ်ခင်အားပေးဖို့ ကျနော် ကျေးဇူးတင်ပါတယ်၊ အားပေးတဲ့ ပရိသတ်တွေကိုလည်း ကျနော် ချစ်ပါတယ်၊ ဒီပွဲအတွက် ကျနော်ကောင်းကောင်းပြင်ဆင်နိုင်ခဲ့ပြီး နိုင်ပွရခဲ့လို့ ပျော်ရွှင်မိပါတယ်၊ မြန်မာကိုယ်စားပြုပြီးတော့ ကမ္ဘာကြီးရှေ့မှာ ထိုးသတ်ရလို့လည်း ဂုဏ်ယူမိပါတယ်၊ နောက်တပွဲကိုတော့ ခါးပတ်လုပွဲဖြစ်လာမယ်လို့ ယုံကြည်ပါတယ်"
"ဒါပေမယ့် စာချုပ်အရဆိုရင်တော့ ဒါက ကျနော်နဲ့ ONE ကြား ကနဦးစာချုပ်အရဆိုရင် နောက်ဆုံးပွဲပါ၊ ဘယ်ကိုသွားရမလဲဆိုတာတော့ မသိသေးဘူး၊ တရုတ်ဖိုက်တာက တော်တော်လေးကောင်းမွန်ပါတယ်၊ ခံနိုင်ရည်တော်တော်ရှိတယ်၊ ဒီနေ့အတွက်တော့ ကျနော့် သားသမိးတွေနဲ့ ကောင်းကောင်းအနားယူမယ်၊ ပြီးတော့ စာချုပ်ကိစ္စလည်း ဆွေးနွေးသွားပါမယ်" လို့ အောင်လအန်ဆန်က ပရိသတ်ကို အသိပေးခဲ့ပါတယ်။
အောင်လအန်ဆန်ဟာ နယ်သာလန်ဖိုက်တာ ရိုင်နီရာဒီရစ်ဒါကို အရေးနိမ့်ပြီး ဆုံးရှုံးခဲ့တဲ့ မစ်ဒယ်ဝိတ်တန်းခါးပတ်ကို ပြန်လည်ရယူဖို့ အားခဲထားပြီး ခါးပတ်လုပွဲထိုးသတ်နိုင်ဖို့အတွက်ရာ မစ်ဒယ်ဝိတ်တန်းပွဲတွေကို ဆက်တိုက်အနိုင်ရအောင် အားထုတ်နေခဲ့တာဖြစ်ပြီး လာမယ့်ပွဲမှာ သူ့ကို ဒီရစ်ဒါနဲ့ တည်ပေးမလားဆိုတာ စောင့်ကြည့်ရမှာပါ။