ကာမလိမ်လည်မှု မမြောက်ဘူးလို့ပြောလာတဲ့အပေါ် မကျေနပ်ဘူးလို့ဆိုပါတယ်။

သရုပ်ဆောင်မိုးအောင်ရင်ရဲ့ ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက ဖေဖော်ဝါရီလ ၁၄ ရက်နေ့ အမှုနဲ့ပတ်သက်တဲ့ သက်သေတွေကို တင်ပြလိုက်ပြီလို့ သိရပါတယ်။

သရုပ်ဆောင်မိုးအောင်ရင်ကို ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက ရန်ကင်းတရားရုံးမှာ ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ ဒီနေ့(ဖေဖော်ဝါရီလ ၁၄ ရက်) မှာတော့ ရုံးချိန်းပြုလုပ်ခဲ့ပါတယ်။ မခင်မြတ်နိုးကလည်း လိုအပ်တဲ့သက်သေတွေ တင်ပြခဲ့တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 



“ ဒီနေ့ သက်သေခံကိုတော့ သူတို့တွေ မီဒီယာတစ်ခုမှာ စွပ်စွဲထားတဲ့ဟာရယ်၊ သူတို့ ပြန်တောင်းပန်ထား တယ်ဆိုတာကို အသံဖိုင်ပို့ထားတဲ့ဟာကို တင်ပါတယ်။ ဒါကို တရားရုံးကလည်း လက်ခံခဲ့ပါတယ်။ ဒီနေ့အတွက် သိပ်တော့ အားမရဘူး။ ကိုယ်ကတော့ အမှန်အတိုင်းတင်တယ်။ ဒါပေမယ့် ကိုယ်တွေက ဥပဒေအကြောင်းအရာ သိပ်မသိတော့ လိုအပ်တာတွေတော့ ရှိတာပေါ့နော်” လို့ ဆိုပါတယ်။ 

ဒီနေ့(ဖေဖော်ဝါရီလ ၁၄ရက်) ရုံးချိန်းမှာတော့ စွပ်စွဲခံရသူ သရုပ်ဆောင်မိုးအောင်ရင်ရဲ့ ရှေ့နေက မခင်မြတ်နိုးရဲ့ တိုင်ကြားထားမှုဟာ ကာမလိမ်လည်မှု မမြောက်တဲ့အကြောင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီ ထွက်ဆိုမှုကိုလည်း မခင်မြတ်နိုးက မကျေနပ်တဲ့အကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ရုံးချိန်းကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။ 

“ကာမလိမ်လည်မှု မမြောက်ဘူးဆိုတဲ့ အပေါ်လည်း လုံးဝမကျေနပ်ပါဘူး။ တကယ်တမ်းသာဆိုရင် သူတို့မေးတဲ့မေးခွန်းပေါ့နော် ထုံးတမ်းစဉ်လာအရ လင်မယားဖြစ်တယ်လို့ သူတို့ပြောတယ်။ အဲဒီလိုမျိုးသာဖြစ်နေမယ်ဆိုရင် အတွဲတွေအများကြီးပဲလက်မှတ်မထိုးပဲ လင်မယားဖြစ်နေမှာပေါ့။ စာရွက်စာတမ်းနဲ့ အတိအကျမှသာ လက်မှတ်ထိုးထားမှသာ အကြင်လင်မယားမြောက်တယ်လို့ ညီမ သိထားတယ်” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ 

မိုးအောင်ရင်ကို ရည်းစားဟောင်းက ရန်ကင်းမြို့နယ်တရားရုံးမှာ ကာမလိမ်လည်မှုနဲ့ ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်ကတော့ ဒီဇင်ဘာ၁၃ရက်နေ့က ပြုလုပ်တဲ့ ရုံးချိန်းမှာ သိန်း(၁၀၀)နဲ့ အာမခံရခဲ့တာဖြစ်ပါတယ်။

သူဟာ ချစ်သူကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အွန်လိုင်းမီဒီယာတစ်ခုမှာ အင်တာဗျူးပြီးနောက်ပိုင်း ယခုလို တရားစွဲဆိုခြင်း ခံရတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် မိုးအောင်ရင်ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၄၁၇ဟာ လိမ်လည်မှုပုဒ်မဖြစ်ပြီး ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရနိုင်သည်ဟု ရာဇသတ်ကြီး ဥပဒေမှာ ပြဌာန်းထားကြောင်း သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က