လီဝန်ဒေါစကီး၊ ဆာလာတို့ လာမယ့်နှစ်တွေမှာ ဘလွန်းဒီအော်ရနိုင်မယ်လို့ မက်ဆီက ပြောကြားခဲ့တာပါ။

(၂၀၂၁) ရဲ့ ဘလွန်းဒီအော်ဆုရှင် မက်ဆီက ဒီနှစ်မှာ သူ့ကို အကောင်းဆုံး ယှဥ်ပြိုင်နိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးအပါအဝင် လီဗာပူးတိုက်စစ်ကစားသမား ဆာလာတို့က လာမယ့် အနာဂတ်မှာ ဘလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ခြေရှိတဲ့အကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။



ဒီနှစ် ဘလွန်းဒီအော်ဆုပေးပွဲကတော့ နောက်ဆက်တွဲအဖြစ် ဝေဖန်သံတွေ တော်တော်လေး ဆူညံခဲ့ပြီး ပြီးခဲ့တဲ့နှစ်တည်းက ရသင့်တဲ့ လီဝန်ဒေါစကီး ဒီနှစ်မှာလည်း ခြေစွမ်းပြနေတာတောင် မရခဲ့တဲ့အပေါ် ဘောလုံးအသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် ပြစ်တင်မှုတွေရှိနေတာပါ။

မက်ဆီကတော့ သူ့ရဲ့ ကစားသမားဘဝအတွက် (၇) ကြိမ်မြောက် ဘလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး မက်ဆီအတွက် ဒီဆုက ဒီနှစ်မှာ မထိုက်တန်ဘူးလို့ ဘောလုံးလောကရဲ့ နာမည်ကျော်အချို့ကလည်း လူသိရှင်ကြား ပြောကြားခဲ့ပါသေးတယ်။ ဆာလာကလည်း ဒီနှစ် ဘလွန်းဒီအော် အဆင့်သတ်မှတ်ချက်မှာ (၇) သာရရှိခဲ့တာကြောင့် လီဗာပူးနည်းပြ ကလော့ပ်ကလည်း စိတ်မသက်မသာဖြစ်နေရတာပါ။

ဒါပေမယ့်လည်း မက်ဆီကတော့ လီဝန်ဒေါစကီး၊ ဆာလာတို့ရဲ့ ဘလွန်းဒီအော် မျှော်လင့်ချက်တွေနဲ့ ပတ်သက်လို့ အခုလို ပြောကြားခဲ့ပါတယ်။ မက်ဆီက “ဆာလာက လာမယ့်နှစ်တွေမှာ ဘလွန်းဒီအော်ဆုကို ဆွတ်ခူးဖို့ အခွင့်အရေးရှိလာပါလိမ့်မယ်။ နှစ်ယောက်လုံး (ဆာလာနဲ့လီဝန်ဒေါစကီး) က လက်ရှိအချိန်မှာ သူတို့ရဲ့ အကောင်းဆုံး အခိုက်အတန့်တွေကို ပိုင်ဆိုင်ထားတာပါ”

“အဲ့ဒီတော့ နောက်နှစ်တွေမှာ သူတို့အတွက် ဒီဆုကို ဆွတ်ခူးဖို့ အခွင့်အရေးပိုများလာမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ မက်ဆီရဲ့ ဘလွန်းဒီအော်ဆု (၇) ကြိမ် ဆွတ်ခူးထားတဲ့ စံချိန်ကလည်း လိုက်မှီနိုင်ဖို့ ခက်ခဲနေပြီး ဒီအပေါ်မှာလည်း မက်ဆီက “ဒီစံချိန်က ရိုက်ချိုးနိုင်မလား ကျနော် မသိပါဘူး”

“ရိုက်ချိုးနိုင်မယ်ဆိုလည်း လက်ခံရမှာပေါ့။ ဒါပေမယ့် ကျနော်တော့ သေချာမပြောနိုင်ပါဘူး။ (၇) ကြိမ်ဆိုတာက တကယ်ကို အထင်ကြီးစရာပါပဲ” လို့လည်း ပြောကြားသွားခဲ့ပါတယ်။ 

Share

က္က