ဒီနှစ်အတွက် ဘလွန်းဒီအောဆုကို ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဘန်ဇီမာပဲ ဆွတ်ခူးဖို့က ဘာသံသယဖြစ်စရာမှမရှိဘူးလို့ မက်ဆီက ပြောဆိုလိုက်ပါတယ်။ ဘလွန်းဒီအောဆုကို ၇ ခုအထိ စံချိန်တင်ပိုင်ဆိုင်ထားတဲ့ မက်ဆီက မှတ်ချက်ပြုခဲ့တာဖြစ်ပြီး ပြင်သစ်သားရဲ့ ဒီရာသီစွမ်းဆောင်ရည်တွေကိုလည်း တခုတ်တရချီးကျူးသွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အတွက် အရေးပါတဲ့ကဏ္ဍမှာ ရှိနေခဲ့ပြီး အသင်းအတွက်လည်း အရေးပါတဲ့ဂိုးတွေကို ဘန်ဇီမာက ရယူပေးနိုင်ခဲ့သူပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ၁၅ ဂိုးအထိ သွင်းယူကာ လီဝန်ဒေါစကီးထက် ၂ ဂိုးအသာစီးရရှိခဲ့ပါတယ်။ စပိန်လာလီဂါမှာလည်း ရွှေဖိနပ်ဆု၊ အမှတ်ပေးဖလားတွေကို ဘန်ဇီမာက သိမ်းပိုက်နိုင်ခဲ့ပြီး သူ့ရဲ့ကစားသမားဘ၀အကောင်းဆုံးနှစ်တနှစ်ဖြစ်လာခဲ့ပါတယ်။
TyC Sports ကတဆင့် မက်ဆီက ပြောဆိုခဲ့တာကတော့ "ဘာသံသယမှဖြစ်ရာမလိုဘူးလို့ ကျနော်ထင်တယ်၊ အရမ်းရှင်းပါတယ်၊ ဘန်ဇီမာအတွက် တကယ်ထူးခြားတဲ့ နှစ်တနှစ်ဖြစ်ပြီး ချန်ပီယံလိဂ်နဲ့အတူ သူ အဆုံးသတ်နိုင်ခဲ့တယ်၊ နောက်ဆုံး ၁၆ သင်းအဆင့်ကစပြီး တောက်လျှောက်ဆိုသလို သူ ခြေစွမ်းပြသွားခဲ့တာပါ"
"ဒီနှစ်အတွက်တော့ သူမှသူပဲဆိုတာ သေချာပါတယ်" လို့ ဖြစ်ပါတယ်။ ဘန်ဇီမာဟာ ပြိုင်ပွဲစုံ ၄၆ ပွဲကစားခဲ့ရာမှာ ၄၄ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ဖန်တိးမှု ၁၅ ကြိမ်အထိရှိခဲ့ပါတယ်။ အာဆင်နယ်အသင်းတိုက်စစ်မှူးဟောင်း အွန်နရီကလည်း ဘလွန်းဒီအောဆုကို ဘန်ဇီမာဆွတ်ခူးသွားခဲ့ပြီးပြီဆိုတဲ့အထိကို သေချာပေါက်ပြောဆိုခဲ့ပြီး မဲပေးမှုတွေကို ပိတ်ပစ်လိုက်လို့တောင်မှ ဆိုခဲ့ပါသေးတယ်။