မန်စီးတီးတိုက်စစ်မှူး ဟာလန်းအနေနဲ့ (၂၀၂၃) ခုနှစ်အတွက် ဘလွန်းဒီအော်ဆုကို မရရှိခဲ့ဘူးဆိုရင် နောက်လည်း ဘယ်တော့မှရဖို့ မမျှော်လင့်နဲ့တော့လို့ ပရီးမီးယားလိဂ်ရဲ့ ကစားသမားဟောင်းကြီး ခရိတ်ဘာလေက ပြောကြားခဲ့ပါတယ်။ ဟာလန်းဟာ ဒီနှစ်မှာ ဘလွန်းဒီအော်ဆုအတွက် ရေပန်းစားနေတဲ့ ကစားသမားတွေထဲက တစ်ယောက်ပါ။
(၂၀၂၃) ခုနှစ် ဘလွန်းဒီအော်ဆုအတွက် ဆန်ခါတင်ကစားသမားစာရင်းတွေ ထွက်လာပြီးတဲ့နောက် ဟာလန်းက မက်ဆီ၊ အမ်ဘာပေတို့နဲ့အပြိုင် ဒီဆုကို ဆွတ်ခူးဖို့ ရေပန်းစားလျက်ရှိပါတယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးနဲ့အတူ သမိုင်းဝင် ဆုဖလား (၃) လုံးအောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားပါ။
ဒီကစားသမားက ပြီးခဲ့တဲ့ရာသီတစ်လျှောက်လုံး မန်စီးတီးအတွက် ဂိုးသွင်းခြေစွမ်းပြခဲ့ပြီး ဂိုး (၅၀) ကျော်အထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မက်ဆီကတော့ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးထားနိုင်ခဲ့တာကြောင့် ဒီနှစ်မှာလည်း မက်ဆီကပဲ ဘလွန်းဒီအော်ဆုကို (၈) ကြိမ်မြောက်အဖြစ် သိမ်းပိုက်သွားမယ်လို့ ပရိသတ်တွေက ယူဆနေကြပါတယ်။
ခရိတ်ဘာလေကတော့ “တကယ်လို့ ဟာလန်းသာ ဒီနှစ်မှာ ဘလွန်းဒီအော်ကို မရဘူးဆိုရင် တစ်သက်လုံးသာ မေ့လိုက်ပါတော့။ မက်ဆီက ကမ္ဘာ့ဖလားကို ရခဲ့ပြီး ဒါက ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတစ်ခုပါ။ ဒါပေမယ့် ဒါက တစ်လလောက်ပဲ ကန်ရတဲ့ ပြိုင်ပွဲတစ်ခုပါ။ သူ့ရဲ့ မူလ လိဂ်မှာတော့ အကောင်းဆုံး မဟုတ်ခဲ့ဘဲ ပီအက်စ်ဂျီက စိတ်ပျက်စရာကောင်းခဲ့ပါတယ်”
“ဟာလန်းကတော့ ဂိုး (၅၀) သွင်းတယ်၊ ဖလားသုံးလုံးရတယ်၊ ဒီတော့ ဟာလန်းပဲ ဒီနှစ် ဘလွန်းဒီအော်ကို ရသင့်ပါတယ်။ လူအများစုက မက်ဆီရဲ့ လောင်းရိပ်အောက်က မလွတ်နိုင်တာကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် ပိုကြီးမားတဲ့ ပန်းချီကားတစ်ချပ်ကို ကြည့်ရအောင်ပါ။ တကယ်လို့ ကျွန်တော်သာ ဟာလန်းဖြစ်ပြီး ဒီနှစ်မှာ ဘလွန်းဒီအော်ဆုကို မရခဲ့ဘူးဆိုရင် လီဝန်ဒေါစကီးလိုမျိုး ဒီဆုကို တစ်သက်လုံး စိတ်ထဲကနေ ထုတ်လိုက်မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။