ကိုဗစ်ကပ်ရောဂါကူးစက်မှုနဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် ဒီနှစ်မှာလည်း တောင်ကြီးတန်ဆောင်တိုင်ပွဲကို ကျင်းပမှာမဟုတ်ဘူးလို့သိရပါတယ်။
မနှစ်က နိုင်ငံတွင်း ကိုဗစ် ပထမလှိုင်းစတင်ကူးစက်ခဲ့စဉ်ကတည်းက ရောဂါအခြေအနေကြောင့် တောင်ကြီး မီးပုံပျံပွဲကို မကျင်းပနိုင်ခဲ့သလို ဒီနှစ်မှာလည်း ကျင်းပနိုင်ခြင်းမရှိပါဘူး။
ဓာတ်ပုံ - ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံပညာရှင်အသင်း(၂၀၁၉ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကျင်းပခဲ့စဉ်က)
“ မကျင်းပဖြစ်ဘူးဗျ။ အခု ကျွန်တော်တို့ရှမ်းပြည်မှာက ကိုဗစ်ကူးစက်မှုကလည်း ဖြစ်နေသေးတယ်။ ပိုးတွေ့ရှိမှုတွေများနေသေးတော့ လူစည်ကားတဲ့ ပွဲမျိုးတွေလုပ်လို့မဖြစ်ဘူး။ စျေးတွေတောင်ပိတ်ထားတာ။ နောက်ပြီး နိုင်ငံရေးအခြေအနေကလည်း လုပ်ဖို့မသင့်ဘူးလေ၊ မီးပုံးပျံပွဲမလုပ်ပေမယ့် မြို့တော် ဘုံကထိန်လေးလုပ်မယ်လ်ို့တော့ကြားတယ်။ ရပ်ကွက်နေပြည်သူတွေပါဝင်တာမျိုးမဟုတ်ဘဲ ဌာနဆိုင်ရာရုံးတွေလုပ်တဲ့သဘောပါ”လို့ ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံပညာရှင်အသင်းမှ ပညာရှင်ကိုစိုင်းအောင်မျိုးက Duwun ကို ပြောပါတယ်။
နှစ်စဉ်နှစ်တိုင်း လာရောက်လည်ပတ်သူတွေနဲ့စည်စည်ကားကားကျင်းပပြုလုပ်လေ့ရှိတဲ့ တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံ ပြိုင်ပွဲကို မကျင်းပဖြစ်တာ (၂)နှစ်ဆက်တိုက်ရှိခဲ့ပြီဖြစ်ပါတယ်။
တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်နဲ့ ပြိုင်ပွဲကို ၁၉၅၀ ခုနှစ်ကတည်းက အစဉ်အလာတိုင်း ကျင်းပလာခဲ့ရာ နှစ်ပေါင်း (၇၀)တိုင်ရှိခဲ့ပြီဖြစ်ပါတယ်။ ၁၉၇၀ လောက်က ပလိပ်ရောဂါဖြစ်ပွါးမှုကြောင့် တစ်နှစ်မကျင်းပနိုင်ခဲ့ပဲ ယခု(၂)နှစ်မကျင်းပဖြစ်တာနဲ့ဆိုရင်တော့ တောင်ကြီးတန်ဆောင်မကျင်းဖြစ်တာ နှစ် ၇၀ အတွင်း (၃)ကြိမ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။