ဟာလန်းက ဘလွန်းဒီအော်ဆုကို မျှော်မှန်းထားတာပါ။

မန်စီးတီးတိုက်စစ်မှူး ဟာလန်းက သူ့အနေနဲ့ တိုးတက်ဖို့ လိုအပ်တာတွေရှိနေသေးပေမယ့် ဒီနှစ်မှာတော့ ဘလွန်းဒီအော်ဆုအတွက် အခွင့်အရေးရနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ (၂၀၂၃) ခုနှစ်ရဲ့ ဘလွန်းဒီအော်ဆုအတွက် ဆန်ခါတင် ကစားသမားစာရင်းတွေ ထွက်ပေါ်ခဲ့ပြီးဖြစ်ပါတယ်။



ဒီလိုမျိုး ထွက်ပေါ်လာခဲ့တဲ့နောက် ဟာလန်းက မက်ဆီ၊ အမ်ဘာပေတို့နဲ့အပြိုင် ဒီဆုကို ဆွတ်ခူးနိုင်ဖို့ ရေပန်းစားနေတာပါ။ ဟာလန်းဟာ ဒီဆုကို ဆွတ်ခူးနိုင်မယ်ဆိုရင် သူ့ရဲ့ ကစားသမားဘဝ ပထမဆုံး ဘလွန်းဒီအော်ဆုလည်း ဖြစ်လာပါလိမ့်မယ်။

ဒါပေမယ့် တစ်ဖက်မှာလည်း မက်ဆီရဲ့ လွှမ်းမိုးမှု အရှိန်အဝါက အားကောင်းနေဆဲဖြစ်ပြီး အထူးသဖြင့် မက်ဆီက အာဂျင်တီးနားကို ကမ္ဘာ့ဖလားရရှိအောင် စွမ်းဆောင်ပေးထားတာကြောင့် ဒီဆုအတွက် ပိုမိုရေပန်းစားနေပါတယ်။

ဟာလန်းကတော့ ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးနဲ့အတူ ဆုဖလား (၃) လုံး ဆွတ်ခူးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ပထမဆုံးရာသီမှာလည်း အံ့အားသင့်ဖွယ် ဂိုးသွင်းစွမ်းရည်ကို ပြသနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဟာလန်းနဲ့ မက်ဆီအကြား ဘယ်သူရသင့်တယ်ဆိုတဲ့ လွန်ဆွဲမှုတွေက ပရိသတ်တွေကြားထဲမှာ ‌ရှိနေပါတယ်။

ဘလွန်းဒီအော်ဆုနဲ့ ပတ်သက်လို့တော့ ဟာလန်းက “ကျွန်တော့်အနေနဲ့ ကြီးမားတဲ့ တိုးတက်မှုတွေရှိဖို့ လိုအပ်နေသေးတာကို သိပါတယ်။ ကျွန်တော်က အခုမှ ငယ်ငယ်လေး ရှိပါသေးတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ဘလွန်းဒီအော်ဆုအတွက် အခွင့်အရေးရနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”

“လူတွေက ကျွန်တော့်ကို စပါယ်ရှယ် ကစားသမားတစ်ယောက်အဖြစ် အမှတ်ရနေစေချင်ပါတယ်။ ကျွန်တော် ကစားတဲ့ပုံစံအရရောပေါ့။ ဒီလိုမျိုး ထူးခြားကောင်းမွန်တဲ့ ကစားပုံတွေကို ပြသနိုင်ဖို့အတွက်ပဲ ကျွန်တော်က အပတ်တိုင်း ကြိုးစားနေရတာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က