ရော်နယ်ဒိုကြီး၊ ရော်နယ်ဒင်ဟိုတို့ အပါအဝင် ဗင်နီရှပ်လို လက်ရှိကစားနေတဲ့သူ၊ နာမည်ကျော်ကစားသမားဟောင်းတွေ ဝင်ကစားပေးခဲ့တဲ့ ရံပုံငွေပွဲမှာ Khaby Lame ရဲ့ လုပ်ရပ်က လူပြောများနေပါပြီ။ ဖလော်ရီဒါမှာ ကျင်းပခဲ့တဲ့ ဒီ ရန်ပုံငွေမှာ သူကလည်း ကစားသမားတဦးအဖြစ်နဲ့ ပါဝင်ကစားခဲ့တာပါ။
ပွဲ့ကစားနေချိန်မဟုတ်ဘဲ ကွင်းအတွင်းမှာ အားလုံးရှိနေတဲ့အချိန် ပရိသတ်တဦးက ကွင်းထဲဝင်လာပြီး သူ့ရဲ့ ဂျာစီပေါ်မှာ လက်မှတ်ထိုးပေးဖို့ ရော်နယ်ဒင်ဟိုကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို လုံခြုံရေးတွေက ဝိုင်းဖမ်းခဲ့ပြီး ကွင်းပြင်ပြန်ပို့ဖို့ လုပ်ခဲ့ကြပါတယ်။
သူ့ကို ခေါ်သွားချိန်မှာပဲ သူက ဂျာစီကို ဒင်ဟိုရှိရာဆီ ပစ်ပေးပြီး နောက်ဆုံးအကြိမ် ကြိုးစားခဲ့ပေမယ့် သူ ထင်သလိုမဖြစ်လာလို့ စိတ်ပျက်သွားခဲ့ပါတယ်။
ဒါပေမယ့် Khaby Lame က အဆိုပါဂျာစီကို ကောက်ယူခဲ့ပြီး ရော်နယ်ဒင်ဟိုကို လက်မှတ်ထိုးခိုင်းပြီးနောက် ပရိသတ်နောက် ပြေးလိုက်ကာ ပေးခဲ့ပါတယ်။ ပရိသတ်လည်း ဒီတော့မှ ပျော်ရွှင်သွားခဲ့တာပါ။ သူ့ရဲ့ လုပ်ရပ်ကို ပရိသတ်တွေ အားပေးခဲ့ကြပြီး လူမှုကွန်ရက်ပေါ်မှာလည်း တော်တော်လေးရေပန်းစားတဲ့ အဖြစ်အပျက်ဖြစ်လာခဲ့ပါတယ်။
ဒီပွဲမှာ Khaby Lame တယောက် ဘောလုံးကိုထိန်းဖို့ကြိုးစားရင်းနဲ့ နောက်ပြန်လဲကျသွားပုံကလည်း ပရိသတ်တွေ သဘောကျခဲ့တဲ့ မြင်ကွင်းတခု ဖြစ်ခဲ့ပါသေးတယ်။ TikTok ဆယ်လီတဦးဖြစ်တာမို့ သူက ဘောလုံးကောင်းကောင်းမကန်တတ်ဘဲ ကို့ရိုးကားယားဟန်ပန်ကြောင့် ပရိသတ်တွေ ရယ်မောနေခဲ့ရပြီး ပျော်ရွှင်စရာ အခိုက်အတန့်တော့ ဖြစ်ခဲ့ပါတယ်။