ဒိန်းမတ်နိုင်ငံရဲ့ အဓိက ကျွန်းစုနှစ်ခုကြား ဆက်သွယ်ထားတဲ့ တံတားတစ်စင်းပေါ်မှာ ရထားမတော်တဆမှု ဖြစ်ပွားခဲ့မှုအတွင်း လူခြောက်ဦး သေဆုံးခဲ့ပြီး ၁၆ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ရထားသယ်ယူပို့ဆောင်ရေးကုမ္ပဏီ DSB က ယနေ့ (ဇန်နဝါရီ ၂ ရက်) ပြောပါတယ်။
(ကုန်စည်ရထားတွဲမှ အပျက်အစီးကို တွေ့ရစဉ်) (Photo: Reuters)
ရထားလမ်းကြောင်း ပြုပြင်ထိန်းသိမ်းရေးနဲ့ထိန်းချုပ်ရေးကို တာဝန်ယူထားတဲ့ Banedanmark ရဲ့ အဆိုအရ ကုန်စည်ရထားကနေ လွင့်ထွက်လာတဲ့ မိုးရေခံဖျင်လိပ်တစ်ခုက ခရီးသည်တင်ရထားကို ထိမှန်ခဲ့မှုကြောင့် ရုတ်တရက် ဘရိတ်ဖမ်းလိုက်ရာမှ မတော်တဆမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခု မတော်တဆမှုဖြစ်ပွားစဉ်မှာ နှင်းများထူထပ်စွာ ကျနေခဲ့တယ်လို့ ဆိုပါတယ်။
(ရထားမတော်တဆမှု ဖြစ်ပွားခဲ့သည့် Great Belt တံတား) (Photo: Reuters)
ခရီးသည်တင်ရထားဟာ Odense မြို့မှ ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင်မြို့ (Copenhagen) သို့ ဦးတည်ခုတ်မောင်းနေစဉ် ဒေသစံတော်ချိန် မနက် ၇ နာရီခွဲဝန်းကျင်က Great Belt တံတားပေါ်မှာ မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။ နှင်းများထူထပ်စွာကျနေတာကြောင့် ရထားမတော်တဆမှု ဖြစ်ပွားတဲ့နေရာကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ သွားရောက်ရာမှာ အခက်အခဲကြုံခဲ့ရတယ်လို့လည်း ဆိုပါတယ်။
(ခရီးသည်တင်ရထားတွဲအတွင်း အပျက်အစီးကို တွေ့ရစဉ်) (Photo: TV 2 News)
မတော်တဆမှုဖြစ်ပြီးနောက် ခရီးသည်တင်ရထားကို ဒိန်းမတ်ရဲ့ အဓိက ကျွန်းစုတွေဖြစ်တဲ့ Zealand နဲ့ Funen တို့ကြား ဆက်သွယ်ထားတဲ့ Great Belt တံတားပေါ်မှာ ရပ်ထားခဲ့ရပါတယ်။ ရထားမတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ရဲတပ်ဖွဲ့က အသေးစိတ် ပြောကြားခြင်းမရှိပေမဲ့ အရာဝတ္ထုတစ်ခုက ရထားကိုထိမှန်ခဲ့ကြောင်း အတည်ပြုထားပါတယ်။ ရထားပေါ်မှာ ခရီးသည် ၁၃၁ ဦးနဲ့ ရထားအမှုထမ်း ၃ ဦး လိုက်ပါလာခဲ့ကြောင်း သိရပါတယ်။
(ကုန်စည်ရထားတွဲမှ အပျက်အစီးကို တွေ့ရစဉ်) (Photo: EPA)
ရထားမတော်တဆမှု ဖြစ်ပွားခဲ့တဲ့ Great Belt တံတားဟာ ပေ ၂၂,၀၀၀ ကျော်ရှည်လျားပြီး အကျယ် ၁၀၂ ပေနဲ့ အမြင့်ပေ ၈၈၃ ရှိပါတယ်။ အဆိုပါ တံတားပေါ်ကနေ နေ့စဉ် ရထားစီးခရီးစည် ၂၁,၀၀၀ ကျော် သွားလာနေပါတယ်။ တစ်နေ့လျှင် ယာဉ်အစီးရေ ၂၇,၀၀၀ ကျော် ဖြတ်သန်းနေတဲ့ Great Belt တံတားဟာ ဒိန်းမတ်၊ ဆွီဒင်နဲ့ ဂျာမနီနိုင်ငံတို့ကို ဆက်သွယ်ထားတဲ့ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ CNA သတင်းက ဖော်ပြထားပါတယ်။