ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာခဲ့ရမယ်ဆိုပါက အသင်းထံကနေ ယူရိုသန်း (၂၄၀) ပြန်လည် တောင်းခံသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ လာမယ့်နွေမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် အမ်ဘာပေကို ပီအက်စ်ဂျီက အခုနွေမှာကတည်းက ရောင်းထုတ်နိုင်ဖို့ ပြောင်းရွှေ့ကြေးကို ယူရိုသန်း (၂၅၀) သတ်မှတ်ထားပါတယ်။
အမ်ဘာပေဟာ အသင်းနဲ့ စာချုပ်သက်တမ်း တိုးတော့မှာ မဟုတ်ကြောင်းကို လုံးဝ ဆုံးဖြတ်ထားပြီး ဒီအပေါ်မှာ ပီအက်စ်ဂျီဘက်ကလည်း ဒေါသပေါက်ကွဲနေပါတယ်။ အဲ့ဒါကြောင့်လည်း လက်ရှိနွေမှာတင် အမ်ဘာပေကို ရောင်းချဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပြီး ကစားသမားဘက်ကတော့ အသင်းကနေ ထွက်ခွာခဲ့ရရင်တော့ ငွေကြေး မြိုးမြိုးမြက်မြက် ရယူသွားဖို့ ဆန္ဒရှိနေပါတယ်။
မာကာသတင်းစာရဲ့ ဖော်ပြချက်အရ အမ်ဘာပေဟာ လက်ရှိနွေရာသီမှာ ဘယ်အသင်းကိုပဲ ပြောင်းရွှေ့ရသည်ဖြစ်စေ၊ ယူရိုသန်း (၂၄၀) ကို ပီအက်စ်ဂျီထံကနေ တောင်းဆိုသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါ ငွေကြေးပမာဏထဲမှာ အမ်ဘာပေရဲ့ လက်ကျန်စာချုပ်တစ်နှစ် သက်တမ်းအတွက် တစ်နှစ် လုပ်ခပမာဏနဲ့ သစ္စာရှိဆုကြေးတို့ ပါဝင်ကြောင်းလည်း သတင်းတွေက ဖော်ပြထားပါတယ်။
ရီးရဲလ်မက်ဒရစ်ဘက်ကတော့ အမ်ဘာပေကို လက်ရှိနွေရာသီမှာ ကမ်းလှမ်းမှာ မဟုတ်ဘဲ လာမယ့်နွေရာသီ ကစားသမားရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ပြင်ဆင်ထားပါတယ်။ ဒါ့အပြင် ကစားသမားကိုလည်း ပီအက်စ်ဂျီမှာထက် လစာလျှော့ယူစေဖို့ ရီးရဲလ်မက်ဒရစ်ဘက်က ရည်ရွယ်ထားပြီး “ငွေကြေးရဲ့သားကောင်” ဖြစ်နေတဲ့ အမ်ဘာပေကို အသိတရား ပြန်ဝင်လာစေဖို့ ဆန္ဒရှိနေပါတယ်။
အမ်ဘာပေဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း တိုးခဲ့တာဖြစ်ပြီး ပုံမှန် (၂) နှစ် စာချုပ်သက်တမ်းမှာ နောက်ထပ် (၁) နှစ် သက်တမ်းတိုးခွင့် ပါရှိပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားကိုယ်တိုင်က လာမယ့်နွေမှာ စာချုပ်သက်တမ်း မတိုးတော့ဘူးဆိုတာကို အခုကတည်းက အတည်ပြုခဲ့တဲ့နောက် ပီအက်စ်ဂျီဘက်ကလည်း လုပ်ရကိုင်ရ ခက်ခဲသွားခဲ့ပြီး အမ်ဘာပေကလည်း အသင်းကနေ ထွက်ရသည့်တိုင် စံချိန်တင် ငွေကြေးပမာဏကို တောင်းခံဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။