ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုကိုခေါ်ယူဖို့အတွက် လက်ရှိနွေရာသီမှာ ကမ်းလှမ်းခဲ့တဲ့အသင်းက တသင်းတည်းသာရှိတယ်လို့ ဒေးလီးမေးလ်သတင်းဌာနက ဖော်ပြလာပါတယ်။ ဒီအသင်းကတော့ ဆော်ဒီအာရေဗျကလပ် အယ်လ်ဟီလာဖြစ်ပြီး ယူနိုက်တက်တိုက်စစ်မှူးဟောင်း အီဂါလိုကစားနေတဲ့အသင်းလည်းဖြစ်တယ်လို့ သိရှိရပါတယ်။
ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ကစားခွင့်ရရှိလိုတာကြောင့် ယူနိုက်တက်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲတွေကိုလည်း မိသားစုကိစ္စအကြောင်းပြကာ လွဲချော်ခဲ့ပါတယ်။ ဒီကြားထဲမှာ ရော်နယ်ဒိုကိုခေါ်ယူဖို့အတွက် ချဲလ်ဆီး၊ ဘိုင်ယန်မြူးနစ်၊ အက်သလက်တီကိုနဲ့ ဒေါ့မွန်တို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် ဒီအသင်းတွေက ရော်နယ်ဒိုကို ငြင်းဆန်ခဲ့ပါတယ်။
ဒီကြားထဲမှာ ရော်နယ်ဒိုအတွက် ဆော်ဒီကလပ်အသင်းတသင်းဆီက မက်လောက်စရာ ကမ်းလှမ်းမှုတခုရောက်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။ အဲ့ဒီအသင်းဟာ ရော်နယ်ဒိုကို ကမ္ဘာ့စံချိန်တင်လုပ်ခလစာကို ပေးချေသွားမှာဖြစ်ပြီး ယူနိုက်တက်ကိုလည်း ပြောင်းရွှေ့ကြေး ယူရိုသန်း (၂၀) ဝန်းကျင်အထိ ပေးချေမယ်လို့ သတင်းထွက်ခဲ့ပါတယ်။
အဲ့ဒီအချိန်ကတော့ ဘယ်အသင်းက ကမ်းလှမ်းခဲ့တယ်ဆိုတာနဲ့ပတ်သက်လို့ တစုံတရာ ထုတ်ပြန်ခြင်းမရှိခဲ့ပေမယ့် အခုချိန်မှာတော့ အယ်လ်ဟီလာအသင်းဖြစ်တယ်လို့ အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုက သူ့ရဲ့ ကစားသမားဘဝကို မထင်မရှား အသင်းတသင်းမှာ မကုန်ဆုံးမဖြတ်သန်းလိုဘဲ ဥရောပရဲ့ အဆင့်မြင့်ပြိုင်ပွဲတွေမှာ ပါဝင်ကစားနိုင်စွမ်းရှိတယ်လို့ ယုံကြည်နေဆဲပါ။
အခုဆိုရင် အပြောင်းအရွှေ့ပိတ်ဖို့က နာရီပိုင်းသာ လိုတော့ပြီး ရော်နယ်ဒိုကလည်း ယူနိုက်တက်မှာဆက်နေဖို့အတွက်ကိုသာ ပိုမိုဆန္ဒရှိလာတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုအနေနဲ့ အပြောင်းအရွှေ့နောက်ဆုံးအချိန်မှ မထင်မှတ်ဘဲ နာပိုလီ၊ ချဲလ်ဆီးတို့ကို ပြောင်းရွှေ့သွားနိုင်ဖွယ်ရှိတာကြောင့် စောင့်ကြည့်ရမယ့် အနေအထားလည်းဖြစ်ပါတယ်။