နိုင်ငံတော်မှ ထောက်ပံ့ပေးငွေက ဝတ်စုံတစ်စုံကို (၁၄၀၀)ကျပ်သာ ရရှိတာကြောင့် ယင်းပမာဏက အင်္ကျီချုပ်ခသာရှိပြီး ဝတ်စုံတွေကလည်း အရည်အသွေးမမီဘူးလို့ သိရပါတယ်။
credit- စစ်ထက်အောင်
၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းအပ်ကာလမှာ ကလေးတွေကို ကျောင်းဝတ်စုံ အဖြူအစိမ်းတွေ မပေးတော့ဘူးလို့ သိရပါတယ်။ နှစ်စဉ်ကျောင်းဝတ်စုံတစ်စုံစာအတွက် နိုင်ငံတော်မှ ပံ့ပိုးပေးငွေ (၁၄၀၀) ကျပ်သာရရှိပြီး ချုပ်ပေးတဲ့သူတွေကလည်း အရည်အသွေးမီအောင် မချုပ်ပေးနိုင်သလို ကလေးတွေအတွက်ကလည်း အရည်အသွေးမမီတဲ့ ကျောင်းဝတ်စုံတွေကြောင့် အဆင်မပြေမှုတွေရှိနေပါတယ်။ ဒီနှစ် ပညာသင်နှစ်ကစပြီး ကျောင်းဝတ်စုံတွေမပေးတော့ဘူးဆိုတာကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း ပြောထားသလို သတင်းစာမှာလည်း တရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။
ယခုကိစ္စနဲ့ပက်သက်ပြီး အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကို Duwun က ဆက်သွယ်မေးမြန်းတဲ့ အခါမှာ “ ဒီကိစ္စက ဟုတ်ပါတယ် ကျွန်တော်တို့ တရားဝင်လည်း ကြေညာထားပြီးပါပြီ။ ဘာလို့လဲဆိုတော့ ရတဲ့ဘတ်ဂျက်ကနည်းပြီး ဘယ်လိုမှအဆင်မပြေလို့ပါ။ ရတဲ့ဘတ်ဂျက်ကနည်းတော့ ဝတ်စုံက အရည်အသွေးမမီဘူး။ ကလေးတွေအတွက်ကလည်း ဝတ်စုံတွေက မတော်တာက နှစ်တိုင်းလိုဖြစ်နေတယ်။ ဒါကြောင့် ခုလိုအဆင်မပြေမှုတွေများနေလို့ ကျောင်းဝတ်စုံတွေအစား ကျောင်းသားတွေအားလုံး အဆင်ပြေမယ့် ဗလာစာအုပ်ကို တစ်ယောက်ကို (၆)အုပ်စီ အစားထိုးပေးသွားမှာ ဖြစ်တယ်” လို့ပြောပါတယ်။
ကလေးတွေကို ကျောင်းဖွင့်ချိန် ကျောင်းအပ်စဉ်ကာလမှာနိုင်ငံတော်က ကျောင်းဝတ်စုံပေးခဲ့တာက ၁၀ နှစ်နီးပါးရှိခဲ့ပါပြီ။ ဝတ်စုံတစ်စုံအတွက် ထောက်ပံ့ပေးငွေက (၁၄၀၀) ကျပ်မှာ အကျီႌချုပ်ခတန်ဖိုးသာရှိပြီး အဆိုပါငွေနဲ့ ချုပ်ထားတဲ့ဝတ်စုံတွေကလည်း နှစ်တိုင်းမှာ ကလေးတွေအတွက် အဆင်မပြေမှုတွေရှိခဲ့တာပါ။
ဒါကြောင့် ကျောင်းသားတွေအားလုံးအတွက်လည်းအဆင်ပြေအောင် ဗလာစာအုပ်တွေကို ဒီနှစ်ကစပြီး အစားထိုးပေးသွားမှာဖြစ်တယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ရှင်းပြခဲ့ပါတယ်။ အခြေခံပညာကျောင်းတွေမှာ ယနေ့ (မေလ ၂၁ ရက်) နေ့မှာ ကျောင်းအပ်လက်ခံနေပြီဖြစ်ပြီး ဇွန်လ ၁ ရက်နေ့မှာ ကျောင်းတွေ စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။