ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် ဘယ်လင်ဟမ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲ သမိုင်းတစ်လျှောက် အကောင်းဆုံး သွင်းဂိုးအဖြစ် လီဗာပူးနဲ့ပွဲက ဂါရတ်ဘေးလ်ရဲ့ သွင်းဂိုးကို ရွေးချယ်ပေးခဲ့ပါတယ်။ ကိဗ်မြို့မှာ ကစားခဲ့တဲ့ အဆိုပါဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်က လီဗာပူးကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ဒီပွဲမှာ လီဗာပူးဂိုးသမား ကာရီးယပ်စ်က အမှားအယွင်းတွေ ကျူးလွန်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်က ဂါရတ်ဘေးလ်၊ ဘန်ဇီမာတို့ရဲ့ သွင်းဂိုးတွေနဲ့ ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ဂါရတ်ဘေးလ် သွင်းယူခဲ့တဲ့ နောက်ပြန်ကန်ချက် သွင်းဂိုးကလည်း ချန်ပီယံလိဂ်ဖိုင်နယ် တစ်လျှောက် အကောင်းဆုံးဂိုးတွေထဲက တစ်ဂိုးအဖြစ် သတ်မှတ်ခံထားရပါတယ်။
ဂါရတ်ဘေးလ်က ဒီပွဲမှာ နှစ်ဂိုးသွင်းယူခဲ့တာဖြစ်ပြီး ကာရီးယပ်စ်ရဲ့ အမှားကတစ်ဆင့် အဝေးကနေ ကန်သွင်းတဲ့ ဂိုးတစ်ဂိုးကလည်း ပရိသတ်တွေ အမှတ်ရနေတဲ့ ဂိုးတစ်ဂိုးဖြစ်ပါတယ်။ ဒီနေ့ညမှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ ဒေါ့မွန်တို့ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲအဖြစ် ရင်ဆိုင်ကစားရမှာပါ။
ဒီပွဲမတိုင်ခင် ဘယ်လင်ဟမ်ကို ချန်ပီယံလိဂ်ဖိုင်နယ် သမိုင်းတစ်လျှောက် အကောင်းဆုံး ချန်ပီယံလိဂ်သွင်းဂိုးအကြောင်း မေးမြန်းခဲ့ရာမှာတော့ ဘယ်လင်ဟမ်က “ကျွန်တော့်အထင် လီဗာပူးဘက်ကို သွင်းခဲ့တဲ့ ဂါရတ်ဘေးလ်ရဲ့ နောက်ပြန်ကန်ချက်လို့ ကျွန်တော် ထင်ပါတယ်။ အဲ့ဒီဂိုးက တကယ့်ကို မယုံနိုင်စရာပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။
ဘယ်လင်ဟမ်ဟာ ဒီနေ့ည ရီးရဲလ်မက်ဒရစ်နဲ့ ဒေါ့မွန်တို့ရဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက,ကစားသမားအဖြစ် ပါဝင်ကစားရမှာပါ။ ဒီပွဲမှာသာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ရင် ဘယ်လင်ဟမ်အတွက် ရီးရဲလ်ကစားသမားဘဝ ပထမဆုံးရာသီမှာတင် ဖလားသုံးလုံး ဆွတ်ခူးနိုင်မှာလည်း ဖြစ်ပါတယ်။