ဒီည ချန်ပီယံလိဂ်ကစားမယ့် ပရီးမီးယားလိဂ်နှစ်သင်းအတွက် မိုက်ကယ်အိုဝင်က ခန့်မှန်းပေးခဲ့တာပါ။

ကစားသမားဘဝက အနားယူပြီးနောက်ပိုင်း ဘောလုံးပွဲခန့်မှန်းမှုတွေနဲ့အတူ ပရိသတ်တွေအကြား ရေပန်းစားနေတဲ့ မိုက်ကယ်အိုဝင်က ဒီနေ့ည ယူနိုက်တက်နဲ့အတ္တလန်တာ၊ ချဲလ်ဆီးနဲ့မာလ်မိုတို့ ကစားမယ့် ချန်ပီယံလိဂ်ပွဲအတွက် ခန့်မှန်းမှုပြုလုပ်ပေးခဲ့ပါတယ်။



မိုက်ကယ်အိုဝင်ဟာ ပရီးမီးယားလိဂ်ပွဲစဥ်တွေကို အပတ်စဥ် ခန့်မှန်းပေးနေကျဖြစ်ပြီး ချန်ပီယံလိဂ်မှာလည်း အခုလိုဝင်ရောက်ခန့်မှန်းပေးနေတာပါ။ မနေ့က ကစားခဲ့တဲ့ ကလပ်ဘရုဂေးနဲ့မန်စီးတီး၊ အက်သလက်တီကိုနဲ့ လီဗာပူးပွဲတို့မှာတော့ မန်စီးတီးက အနိုင်ရပြီး လီဗာပူးက သရေကျမယ်လို့ မိုက်ကယ်အိုဝင်က ခန့်မှန်းပေးခဲ့ပါတယ်။

မိုက်ကယ်အိုဝင်အနေနဲ့ မန်စီးတီးတို့ (၃) ဂိုးပြတ်နိုင်မယ်လို့ ခန့်မှန်းပေးခဲ့ပြီး လီဗာပူးက အဝေးကွင်းမှာ တစ်ဂိုးစီသရေနဲ့ကျေနပ်ရမယ်လို့ဆိုခဲ့တာပါ။ မန်စီးတီးကတော့ မိုက်ကယ်အိုဝင်ပြောသလို အဝေးကွင်းမှာ ၁-၅ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပေမယ့် သရေကျမယ်ဆိုတဲ့ လီဗာပူးကတော့ အဝေးကွင်းမှာ ၂-၃ ဂိုးနဲ့ နိုင်ပွဲရရှိခဲ့ပါတယ်။

ဒီညယူနိုက်တက်နဲ့အတ္တလန်တာပွဲအပေါ်မှာတော့ မိုက်ကယ်အိုဝင်က “ယူနိုက်တက်ရဲ့ ကစားပုံက ထိပ်တန်းအဆင့်မှာမရှိပါဘူး။ အထူးသဖြင့် လက်စတာကို ရှုံးခဲ့ပြီးတဲ့နောက်မှာပေါ့။ နည်းပြဆိုးလ်ရှားအပေါ်မှာလည်း ဖိအားတွေ အရမ်းများနေပါပြီ”

“အိုးထရက်ဖို့ဒ်မှာတော့ အံ့အားသင့်ဖွယ်ကောင်းတဲ့ အနေအထားတစ်ခုကို ကျွန်တော်မျှော်လင့်ထားပြီး အတ္တလန်တာအနေနဲ့ ဒီအပေါ်မှာ ရုန်းကန်ရမယ်ထင်ပါတယ်။ လွယ်ကူတဲ့ပွဲတစ်ပွဲတော့မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ယူနိုက်တက်တို့ ၂-၁ ဂိုးနဲ့ အနိုင်ရသွားပါလိမ့်မယ်” လို့ ခန့်မှန်းပေးခဲ့ပါတယ်။

ချဲလ်ဆီးကလည်း ဒီညမှာပဲ မာလ်မိုကို အိမ်ကွင်းမှာဧည့်ခံကစားရမှာဖြစ်ပြီး ဒီပွဲအပေါ်မှာတော့ မိုက်ကယ်အိုဝင်က “ဂျူဗင်တပ်စ်ကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် သူတို့ဒီပွဲကို သေချာပေါက် အနိုင်ကစားချင်ပါလိမ့်မယ်။ မာလ်မိုက အခုထိ အမှတ်လည်းမရသေးသလို ဂိုးလည်းမသွင်းနိုင်သေးပါဘူး”


“ဒါက ပြောင်းလဲသွားမယ်မထင်ပါဘူး။ သောမတ်စ်တူချယ်လ်ရဲ့ချဲလ်ဆီးတို့ ဒီည ၂-၀ ဂိုးနဲ့ နိုင်သွားပါလိမ့်မယ်” လို့ ခန့်မှန်းပေးသွားခဲ့ပါတယ်။

အလွဲလွဲအမှားမှားတွေနဲ့ နာမည်ကြီးတဲ့ မိုက်ကယ်အိုဝင်တစ်ယောက် ဒီညမှာ အင်္ဂလန်ကလပ်နှစ်သင်းလုံး နိုင်ပွဲရမယ်ဆိုထားတာကြောင့် ယူနိုက်တက်နဲ့ချဲလ်ဆီးတို့ အိမ်ကွင်းမှာ နိုင်ပွဲကိုယ်စီရှာတွေ့မလား စောင့်ကြည့်ရတော့မှာပါ။ 

Share

က္က