အွန်နရီကတော့ ဒီည ယူနိုက်တက်နဲ့ပွဲအတွက် မျှော်လင့်နေပါပြီ။

အာဆင်နယ်ရဲ့ ဂန္တဝင်တိုက်စစ်မှူးဟောင်းကြီး အွန်နရီက ဒီည ယူနိုက်တက်နဲ့ ကစားမယ့် ပရီးမီးယားလိဂ် အဝေးကွင်းပွဲမှာ အာဆင်နယ်ကို အနိုင်ရစေချင်တဲ့အကြောင်း ဖွင့်ဟပြောကြားလာပါတယ်။ ယူနိုက်တက်ဟာ ဒီနောက်ပိုင်း အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့တဲ့ပွဲတွေမှာ အနိုင်ရဖို့ ရုန်းကန်နေရတဲ့ အသင်းတသင်းပါ။



ဒီနှစ်သင်းက သမိုင်းအစဥ်အလာပြိုင်ဘက်တွေဖြစ်ပြီး ပရီးမီးယားလိဂ်ခေတ်ဦးမှာ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ချိန်တုန်းက အွန်နရီကလည်း အာဆင်နယ်ကစားသမားဘဝနဲ့ ယူနိုက်တက်ကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးပါတယ်။ အခု လက်ရှိကစားနေတဲ့ ကြားရက် ပရီးမီးယားလိဂ်ပွဲတွေမှာလည်း ဒီပွဲက ပရိသတ် စိတ်ဝင်စားမှု အမြင့်ဆုံး ပွဲစဥ်တပွဲဖြစ်နေတာပါ။

အဲ့ဒါကြောင့်လည်း ဒီပွဲမတိုင်ခင်မှာ အွန်နရီက “ကျနော်တို့ နယူးကာဆယ်၊ ဘန်လေတို့ကို အနိုင်ယူခဲ့ပြီးပါပြီ။ ဂျရတ်မရောက်လာခင်မှာလည်း ဗီလာကို အနိုင်ယူခဲ့ပြီးပြီ။ လက်စတာကိုလည်း အဝေးကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု (၂၇) ရာခိုင်နှုန်းနဲ့ အနိုင်ယူခဲ့ပါတယ်”

“ဒါပေမယ့် ကျနော့်တယောက်တည်း အမြင်အရ ဒီအသင်းတွေကို နိုင်ရုံနဲ့ ကျနော် မကျေနပ်နိုင်ပါဘူး။ အခု ဒီတပတ်အတွက် ကျနော်တို့ တပွဲရှိတယ်။ (ယူနိုက်တက်နဲ့ ကစားမယ့် ပွဲကို ဆိုလိုသည်) တိုးတက်မှုဆိုတာ ထိပ်တန်း အသင်းတသင်းကို နိုင်တာကို ပြောတာမဟုတ်လား? ကျနော် မြင်ချင်တဲ့ တိုးတက်မှုကတော့ အိုးထရက်ဖို့ဒ်မှာ အနိုင်ရတာကို မြင်ချင်တာပါပဲ”

“ကျနော်က အာဆင်နယ်ပရိသတ်တယောက်ဖြစ်ပြီး အာတီတာကလည်း အကောင်းဆုံး လုပ်ပြနေတယ် ထင်ပါတယ်။ ဒါပေမယ့် တိုးတက်မှုကို ကျနော် မြင်ချင်ပါတယ်။ ယူနိုက်တက်က အခု ထိပ်သီးလေးသင်းထဲမှာ မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ သူတို့ကို အနိုင်ယူရပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ လက်ရှိအချိန်မှာ ယူနိုက်တက်ရဲ့ အထက် အဆင့် (၅) နေရာမှာ ရပ်တည်နေပြီး ဒီည အိုးထရက်ဖို့ဒ်မှာသာ အနိုင်ရခဲ့မယ်ဆိုရင် အဆင့် (၄) နေရာကို တက်လှမ်းနိုင်မှာကြောင့် အာဆင်နယ်ပရိသတ်တွေအတွက် မျှော်လင့်ချင်စရာကောင်းတဲ့ ပွဲကောင်းတပွဲလည်းဖြစ်လာတော့မှာပါ။ 

Share

Loading Next Article...
က္က