တစ်နိုင်ငံတည်းသားချင်း ဖရက်ဒ်ကို ဒန်နီအဲလ်ဗက်စ်က ချီးကျူးခဲ့တာပါ။

ဘရာဇီးဂန္တဝင်နောက်ခံလူကြီး ဒန်နီအဲလ်ဗက်စ်က ယူနိုက်တက်ရဲ့ ဘရာဇီးကွင်းလယ်လူ ဖရက်ဒ်ကို ကမ္ဘာ့အဆင့်ကစားသမားတစ်ယောက်အဖြစ် ချီးကျူးပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပြိုင်ပွဲစုံနောက်ဆုံး (၇) ပွဲမှာ (၂) ပွဲသာ အနိုင်ရရှိခဲ့တဲ့နောက် နည်းပြဆိုးလ်ရှားအပြင် ကစားသမားတွေထဲက ဖရက်ဒ်ကိုပါ အဓိက ပစ်မှတ်ထားဝေဖန်နေကြတာပါ။



ဖရက်ဒ်ဟာ ယူနိုက်တက်ရဲ့ ကွင်းလယ်ခံစစ်မှာ အမှားအယွင်းတွေကျူးလွန်နေကျဖြစ်ပြီး အဲဗာတန်ကို သရေကျခဲ့တဲ့ပွဲမှာလည်း သူ့အမှားကြောင့် ယူနိုက်တက်တို့ ချေပဂိုးပြန်ပေးခဲ့ရကာ သရေကျခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးကစားခဲ့တဲ့ ဘရာဇီးနဲ့ဥရုဂွေးတို့ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာတော့ ဖရက်ဒ်တစ်ယောက် ခြေစွမ်းပြခဲ့တာပါ။

ဒီလိုမျိုးဖရက်ဒ်နဲ့ပတ်သက်လို့ ဒန်နီအဲလ်ဗက်စ်ကလည်း အခုလိုပဲ ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဒန်နီအဲလ်ဗက်စ်က “ဘရာဇီးသားတိုင်းက နိုင်ငံအသင်းဂျာစီကို ဝတ်ဆင်လိုက်ပြီဆိုတာနဲ့ ကမ္ဘာ့အဆင့် ကစားသမားဖြစ်သွားပါပြီ။ ဖရက်ဒ်နဲ့ပတ်သက်လို့ တော်တော်များများက စောဒကတက်ဝေဖန်နေကြတာ ကျွန်တော်တွေ့ပါတယ်”

“ဒါပေမယ့် သူက ဘရာဇီးအတွက် ကစားပေးတဲ့အခါ ယူနိုက်တက်မှာရှိသမျှ ကွင်းလယ်လူတိုင်းထက် ပိုကောင်းပါတယ်။ ပြဿနာက ယူနိုက်တက် ဒါမှမဟုတ် နည်းပြဆိုးလ်ရှားကြောင့်နေမယ်၊ ဖရက်ဒ်ကြောင့် မဟုတ်ဘူးဗျ” လို့ သုံးသပ်ပြောကြားသွားခဲ့ပါတယ်။

အသက် (၃၈) နှစ်အရွယ် ဒန်နီအဲလ်ဗက်စ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ကျင်းပခဲ့တဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ဘရာဇီးနဲ့အတူ ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သေးတာပါ။

ဒန်နီအဲလ်ဗက်စ်က ယူနိုက်တက်မှာ ပြဿနာရှိနေတယ်လို့ဆိုခဲ့ပေမယ့် ဆိုးလ်ရှားကတော့ သူ့အသင်းက တိုးတက်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဆိုးလ်ရှားက “နောက်ပိုင်းနှစ်တွေမှာ ကျွန်တော်တို့အသင်းက တိုးတက်လာခဲ့တယ်လေ”

“လက်ရှိရာသီမှာလည်း ကျွန်တော်တို့ အခုထက် ပိုမိုတိုးတက်ချင်တုန်းပါ။ အသင်းရဲ့မျှော်လင့်ချက်ကို မြင့်တက်စေမယ့် ကစားသမားတွေကို ကျွန်တော်တို့ ခေါ်ယူခဲ့ပါတယ်။ အခြားအသင်းတွေဆိုလည်း ကစားသမားသစ်တွေခေါ်ပြီး တိုးတက်လာတာပဲလေ။ ဒီတော့ ကျွန်တော်တို့ ထိပ်တန်းအသင်းတွေအားလုံးက တစ်လှေတည်းစီးနေတာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။


ယူနိုက်တက်ဟာ ဒီနေ့ညမှာ အတ္တလန်တာနဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲအဖြစ် ကစားရမှာဖြစ်ပြီး အုပ်စုအဆင့်က လွတ်မြောက်ဖို့ဆိုရင်တော့ ဒီပွဲမှာ အမှတ်လျော့ခံလို့မရတော့ပါဘူး။ 

Share

က္က