လီဗာပူးနည်းပြယာဂင်ကလော့ပ်က ဒီကနေ့ညမှာ ကစားမယ့် ယူနိုက်တက်နဲ့ရာသီကြိုခြေစမ်းပွဲအတွက် ပရိသတ်တွေ စိတ်ဝင်စားမယ့် စကားတခွန်းကို ပြောကြားလိုက်ပါတယ်။ Bangkok Century Cup အဖြစ် ကစားမယ့် ဒီပွဲစဥ်က ခြေစမ်းပွဲတပွဲသာဖြစ်ပေမယ့် နှစ်သင်းကြား ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တာ၊ လီဗာပူးတို့ အင်အားပြည့် ခေါ်ဆောင်လာခဲ့တာ၊ ယူနိုက်တက်နည်းပြသစ်တန်ဟက်ခ်ဖြစ်နေတာတွေကြောင့် စိတ်ဝင်စားမှုအပြည့်ရှိနေပါတယ်။
ဒါ့အပြင် ဒီပွဲဟာ နှစ်သင်းလုံးအတွက် လက်ရှိနွေရာသီအတွက် ပထမဆုံးသော ရာသီကြိုခြေစမ်းပွဲလည်းဖြစ်ပါတယ်။ ယူနိုက်တက်နဲ့လီဗာပူးတို့ ဘန်ကောက်မြို့ကိုလည်း ရှေ့ဆင့်နောက်ဆင့် ရောက်ရှိခဲ့ကြပြီး ယူနိုက်တက် ရောက်ပြီးနောက်တရက်မှာ လီဗာပူးက ရောက်ရှိလာခဲ့တာပါ။ ဒီနှစ်သင်းလုံးကိုလည်း ထိုင်းနိုင်ငံရောက် ပရိသတ်တွေက တခဲနက်ကြိုဆိုခဲ့ကြပါတယ်။
ကလော့ပ်ဟာ လေဆိပ်ကို စတင်ရောက်ရောက်ချင်းမှာတင် “မနေ့ကရော ယူနိုက်တက်ကို ဒါမျိုးကြိုဆိုကြရဲ့လားဗျ” လို့ မေးခွန်းထုတ်ခဲ့ပြီး ယူနိုက်တက်နဲ့ သူတို့အသင်းကြား အားပြိုင်မှုကို အရှိန်တင်ပေးခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီနေ့မှာပဲ အဆိုပါ ဂျာမန်လူမျိုးနည်းပြကြီးက “ယူနိုက်တက်က နည်းပြအသစ်နဲ့ပါ။ နောက်ပြီး သူတို့က ကျနော်တို့ထက်လည်း လေ့ကျင့်ခန်းစောဆင်းထားပါတယ်”
“သေချာပေါက်တော့ မပြောနိုင်ပေမယ့် သူတို့က လတ်တလောမှာ ကျနော်တို့ထက် ပိုမိုကောင်းတဲ့ အနေအထားမှာ ရှိကောင်းရှိနိုင်ပါတယ်။ ကျနော်တို့က ယူနိုက်တက်နဲ့ကစားမယ့်ပွဲကို အရေးပါတဲ့ စမ်းသပ်မှုတခုအနေနဲ့ ရှုမြင်ထားပါတယ်။ ဘာလို့လဲဆိုတော့ ပြိုင်ဘက်ကိုက ယူနိုက်တက်ဖြစ်နေလို့ပါ။ ကျနော်တို့က ချစ်ကြည်ရေးခြေစမ်းပွဲဆိုပြီး ကစားနေမှာ မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ထိပ်တိုက်တွေ့ခဲ့တုန်းက လီဗာပူးက ယူနိုက်တက်ကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့လုံးမှာ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ လီဗာပူးဟာ ယူနိုက်တက်ကို အဝေးကွင်းမှာ ငါးဂိုးပြတ်၊ အိမ်ကွင်းမှာ လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။ နှစ်ကျော့ပေါင်း ၉-၀ ဂိုးဆိုတဲ့ ရလဒ်ကိုလည်း လီဗာပူးပရိသတ်အချို့က ဂျာစီတွေ၊ ပဝါတွေမှာ ရေးထိုးပြီး ယူနိုက်တက်ကို လှောင်ပြောင်၊ လီဗာပူးကို အားပေးလျက်ရှိနေပါတယ်။