စျေးကွက်ထဲမှာ လက်သွက်ခြေသွက်ဖြစ်နေခဲ့တဲ့ စပါးအသင်းဟာ ဘာစီလိုနာကထွက်ခွာဖို့နီးစပ်နေတဲ့ ဒီပိုင်းအတွက် စုံစမ်းမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရာသီကမှ ဘာစီလိုနာကို ဒီပိုင်းက အလွတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး စာချုပ်သက်တမ်း၁ နှစ်ကျန်ရှိနေသေးကာ ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ စပါးနဲ့ အာဆင်နယ်တို့က သူ့ကို စိတ်ဝင်စားနေတယ်လို့ SPORT က ဖော်ပြခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီပိုင်းက ဘာကာအတွက် ပြီးခဲ့တဲ့ရာသီမှာ ၁၂ ဂိုးအထိ သွင်းယူပေးခဲ့ပေမယ့် ပွဲကစားခွင့်ရဖို့ အာမခံချက်မရှိဖြစ်နေပါတယ်။ ဘာကာနည်းပြဇာဗီကလည်း ကစားသမားအများအပြားကို အသင်းကနေ ထွက်ခွာနိုင်တယ်လို့ ပြောဆိုအသိပေးထားပြီး ဒီပိုင်းအတွက် သင့်တော်တဲ့ပြောင်းရွှေ့ကြေးရရှိရင်ရောင်းချဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။
ဒီပိုင်းအတွက် အနည်းဆုံး ပေါင် ၁၇ သန်းအထိ ဘာစီလိုနာက အလိုရှိနေပြီး ကစားသမားကလည်း ချန်ပီယံလိဂ်မှာ ကစားချင်နေတာကြောင့် အသင်းပြောင်းရွှေ့ဖွယ်ရာရှိနေပါတယ်။ စပါးကတော့ ဘာကာနောက်ခံလူ လန်ဂ်လက်ကို ခေါ်ယူဖို့အတွက် ဆွေးနွေးနေပြီး တပြိုင်တည်းမှာပဲ တိုက်စစ်ပိုင်းနေရာစုံကစားနိုင်တဲ့ ဒီပိုင်းအတွက်ပါ စုံစမ်းနေတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းတဦးဖြစ်တဲ့ ဒီပိုင်းကို ဘာစီလိုနာက အပြီးသတ်ရောင်းချချင်နေတာဖြစ်ပြီး အငှားနဲ့ကမ်းလှမ်းမှုတွေကို လက်ခံမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။ ဒီပိုင်းကို လာမယ့်နွေရာသီကျရင် အလွတ်ပြောင်းရွှေ့ခွင့်ပေးရမယ့်အရေးကို ဘာစီလိုနာက ရှောင်လွှဲချင်နေတာဖြစ်ပြီး စာချုပ်သက်တမ်းမကုန်ခင်မှာပဲ ရောင်းချသွားဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။